အာဆီယံအမတ်များ ညီလာခံ မြန်မာအမတ် ၁၄ ဦး တက်မည်

အာဆီယံအမတ်များ ညီလာခံ မြန်မာအမတ် ၁၄ ဦး တက်မည်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။      ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံ ပါလီမန် အမတ်များညီလာခံ (APIA) သို့ မြန်မာက ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အမတ် ၁၄ ဦး တက်ရောက်မှာဖြစ်ကြောင်း လွှတ်တော်အမတ်များ က ပြောသည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် ဦးဆောင်သော အာဏာရ ကြံ့ခိုင်ရေးပါတီအမတ် ထက်ဝက် ပါဝင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ(RNDP)၊ ချင်းတိုးတက်ရေး ပါတီ(CPP)၊ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်၊ ဖလုံ-စဝေါ်ဒီမိုကရက် တစ် ပါတီ၊  အမျိုးသားဒီမိုကရေစီ ပါတီသစ်တို့မှ အမတ်တဦးစီနှင့် တသီးပုဂ္ဂလ အမတ်တဦး ပါဝင် တက်ရောက်မှာ ဖြစ်သည်။
aipa
စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ တပတ်ကြာမြင့်မည့် ညီလာခံတွင် ပထမဆုံးအကြိမ် တက်ခွင့်ရသောမြန်မာအမတ်များက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့များ ဖွဲ့စည်းရေး ကိစ္စရပ်များနှင့်အမျိုးသမီး ရေးရာ တို့တွင် ဝင်ရောက် ဆွေးနွေးကာ စာတမ်းများ တင်သွင်းမည်ဟု သိရသည်။

“နိုင်ငံရေးပါတီအလိုက် သွားတဲ့ သဘောမရှိဘူး၊ လူမျိုးအလိုက်ကိုပဲ ရွေးတဲ့ သဘောဖြစ်နေတာပေါ့၊ ချင်း၊ ရခိုင်၊ရှမ်း စသဖြင့် ကိုယ့်သက်ဆိုင်ရာ Region အလိုက် တာဝန်ခံရတာ” ဟု AIPA သို့ တက်ရောက်မည့် RNDP ပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောသည်။

 CPP ပါတီ ဥက္ကဌ ဦးနိုထန်ကပ်က“  ပြည်ထောင်စု လွှတ်တော်က  နောက်ခံ ပညာအရည်အချင်းတွေ ဘာတွေ
လေ့လာပြီး သင့်တော်တဲ့ ပုဂ္ဂိုလ်ကို ဆုံးဖြတ်တယ် ထင်တယ်”ဟု ပြောသည်။ CPP မှ ဖလမ်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးခွန်လိန်းက ချင်းပြည်နယ် ကိုယ်စားပြု တက်မှာ ဖြစ်သည်။

အမျိုးသမီး အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းတို့မှကြံ့ခိုင်ရေး ပါတီ၏ အမျိုးသမီး အမတ် သုံးဦးက ဆွေးနွေးသွားမည်ဟု ဆိုသည်။

လွှတ်တော် အမတ်များနှင့် အတူ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းတို့မှ စီးပွားရေး လုပ်ငန်းရှင် ၁၄ ဦးကလည်း
၎င်းတို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် လိုက်ပါမည်ပြီး အာဆီယံ ဒေသတွင်း စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင် ရေးတို့ ပြုလုပ်ရန်လည်း အစီအစဉ် ရှိသည်။

ယခုညီလာခံက  အာဆီယံ ၁၀ နိုင်ငံတွင် AIPA ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာရန် ကျန်ရှိနေသေးသောမြန်မာ နိုင်ငံ ကို လေ့လာသူအဆင့်မှ အဆင့်တိုးပေးလိမ့်မည်ဟ ုမျှော်လင့်ထားကြသည်။ မြန်မာက အာဆီယံသို့ ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်ကပင် AIPA တွင်လည်း အထူးလေ့လာသူနိုင်ငံ အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သလို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ ကနေဒါ၊ ဥရောပ ပါလီမန်နှင့် ပူပါလ် နယူးဂျီနီးယား နိုင်ငံများကနှစ်စဉ် လေ့လာသူအဖြစ် တက်ရောက်လေ့ ရှိသည်။

AIPA အား ဒေသတွင်းနှင့် ပြင်ပရှိ လွှတ်တော်အမတ်များ အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်
၁၉၇၇ ခုနှစ်တွင် အာဆီယံ လွှတ်တော် အမတ်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တနှစ်တကြိမ် အထွေထွေ ညီလာခံကို အဖွဲ့ဝင် နိုင်ငံများက အလှည့်ကျ ကျင်းပလေ့ရှိပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။

Most read this week