ချင်းမိုင် (မဇ္စျိမ) ။ ။ စင်္ကာပူဝန်ကြီးချုပ် ဟောင်း ဂိုချုပ်တောင်နှင့် တွေ့ဆုံရာတွင်ယခင် စစ်အစိုးရ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်သည် "အိုင်ဒီယာအဟောင်း တွေ" ဆုပ်ကိုင်ထားကြောင်း ပြောဆို လိုက်ရင်း ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပြီး ထိပ်တိုက်ရင်
ချင်းမိုင် (မဇ္စျိမ) ။ ။ စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်နှင့် တွေ့ဆုံရာတွင် ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်သည် "အိုင်ဒီယာအဟောင်းတွေ"ဆုပ်ကိုင် ထားကြောင်း ပြောဆို လိုက်ရင်း ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပြီး ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကိုစွန့်မှသာ လျှင် တွေ့ဆုံဆွေးနွေးရေး လုပ်မည်ဟု ပြောဆိုကြောင်း ဝီကီလိခ်မှ ပေါက်ကြားလာသည့် အမေရိကန် ကြေးနန်း တစောင်တွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ "အိုင်ဒီယာဟောင်းတွေနဲ့ တကြောင်းစွဲပဲလို့ တိုင်တယ်။ တကယ်လို့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ သူ (ဒေါ်အောင်ဆန်းစုကြည်) က တောင်းဆိုပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ တာနဲ့ အဖျက်လုပ်ရပ်တွေ စွန့်လွှတ်ရင်တော့ တွေ့ဆုံ ဆွေးနွေးဖို့ သူ့အနေနဲ့ ပြင်ထားတယ်လို့ ပြောပါတယ်" ဟု သြဂုတ် ၃ဝ ရက်နေ့က ထပ်မံ ထွက်ရှိလာသော ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန်ရှိ နိုင်ငံခြားဌာနသို့ ပေးပို့သော ကြေးနန်းစာတွင် ဖော်ပြ ထားသည်။
အမျိုးသား တည်ငြိမ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများအကြား ရွေးချယ်မှု ပြုနေရကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောသွားသည်ဟုလည်း ပါရှိသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တနာရီကြာ ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ခုနှစ် ရွေးကောက် ပွဲမှာ "လွတ်လပ်ပြီး တရားမျှတပါမည်" ဟု ရင်းနှီးသော "မိတ်ဆွေဟောင်း" စင်္ကာပူအကြီးတန်း ဝန်ကြီး ဂိုချုပ်တောင်ကို ကတိပြုခဲ့သည်ဟု ဆိုသည်။
ဂိုချုပ်တောင်၏ ဇွန် ၈-၁၁ ရက်၊ ၂ဝဝ၉ ခုနှစ် ခရီးစဉ်အတွင်း ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် လည်းနေပြည်တော်တွင် တနာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်ဟု ရန်ကုန်ရှိ စင်္ကာပူ သံအမတ်က သံတမန် အသိုင်းအဝိုင်းကို အစီရင်ခံခဲ့ကြောင်း ဖော်ပြထားသည်။
ခရီးစဉ်အတွင် ဂိုချုပ်တောင်သည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့လည်း သွားရောက်ခဲ့သလို သက်ဆိုင်ရာ စစ်တိုင်းမှူးများနှင့်လည်း တွေ့ဆုံခဲ့သည်။
တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် ခြံအတွင်း မဖိတ်ခေါ်ဘဲ ခြံဝင်းတွင်းသို့ ရေကူးဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောအား လက်ခံမှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေချိုး ဖောက်သည်ဟု အင်းစိန်ထောင်အတွင်း တရားရင်ဆိုင်နေရချိန် ဖြစ်သည်။
ဂိုချုပ်တောင်က "ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းပြီး စစ်ဆေးနေတာဟာ (အမေရိကန်) သမ္မတသစ် အိုဘားမားက မြန်မာနဲ့ အပြုသဘောဆက်ဆံဖို့ စဉ်းစားသုံးသပ်နေတာကို ထိခိုက်စေလိမ့်မယ်" ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထောက်ပြခဲ့သော်လည်း အရေးတယူ တုန့်ပြန်မှု မရှိတာကို တွေ့ရကြောင်း သံအမတ် ရောဘတ် ချူဝှာက သံတမန်များကို ပြန်လည်ရှင်းပြရာတွင် ထည့်သွင်း ပြောကြားသွားသည်။
အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်မစွက်ရဟု မူဝါဒရှိသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အဖွဲ့ဝင် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် ပြည်တွင်းရေး ဖြစ်သော်လည်း
နိုင်ငံတကာက စောင့်ကြည့်နေသည်ကို မမေ့သင့်ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည် ။
ဂိုချုပ်တောင် ပြန်သွားပြီးနောက် သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက် သည့် ဥပဒေပုဒ်မ ၂၂ အရ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သော်လည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ၁၈ လသို့ လျော့ချပေးခဲ့သည်။
သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သော ရွေးကောက်ပွဲအပြီး သုံးရက်အကြာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်မှ ပြန်လွတ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချပြီး ရက်ပိုင်းအတွင် ဆီးနိတ်နိုင်ငံခြားရေးရာ ကော်မတီ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဂျင် ဝက်ဘ် Jim Webb သည် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ပြီးနောက် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ထားသည့် ဂျွန်ယက်တောအား အမေရိကန်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခွင့်ရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ဂျင်ဝက်ဘ်က တောင်းဆိုသည်ကိုမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောမတူခဲ့ကြောင်း ဝီကီလိခ်က ဖောက်ချခဲ့သည့် ၂ဝဝ၉ ခု သြဂုတ် ၁၇ ရက်စွဲပါ အမေရိကန် နိုင်ငံခြား ရေးဌာန လျှို့ဝှက်ကြေးနန်း၌ ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရကို စီးပွားရေးအရ ထောက်ကူပေးနေသည်ဟု စွပ်စွဲပြီး အနောက် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ထားသော မက်စ်မြန်မာ စီးပွားရေးအုပ်စု ပိုင်ရှင် ဦးဇော်ဇော်၊ ထူးထရေးဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ ကဲ့သို့သော အစိုးရလက်ရင်း စီးပွားရေးသမားကြီးများသည် ယခင်က စင်ကာပူရှိ ဘဏ်တချို့မှ တဆင့်နိုင်ငံခြားငွေ လွှဲပြောင်းကြပြီး နိုင်ငံခြား ကုမ္ပဏီများနှင့် စီးပွားရေးဆက်ဆံ ခဲ့ကြသည်ဟု အမေရိကန် ကြေးနန်းများတွင် ပါရှိသည်။
နောက်ပိုင်းတွင် "ခရိုနီ" များ အသုံးပြုသော စင်ကာပူဘဏ် တချို့ကလည်း ငွေသွင်းငွေလွှဲ စည်းကမ်းများ တင်းကျပ် လိုက်သဖြင့် အခက်အခဲများ ကြံုနေရသည်ဟု ဝီကီလိခ်မှ ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ကြေးနန်း တစောင်၌ ပါရှိသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သော ဦးဇော်ဇော်မှာ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားတွင် ကျင်းပသော အသက် ၁၉ နှစ်အောက် အာဆီယံ ဘောလုံးပြိုင်ပွဲ၏ မြန်မာနှင့်လာအိုအသင်း တို့ ယှဉ်ပြိုင်ပွဲကိုဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ကြည့်ရှု့အားပေးခဲ့သည်။