ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒ ညှိနှိုင်းရေးမှူးမစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် (Derek J. Mitchell) ၏ ပထမအကြိမ် မြန်မာနိုင်ငံ တပတ်ကြာ ခရီးစဉ် အတွက် ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေး ဌာန၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် “စစ်မှန်သော ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာလူထု၏ တိုးတက်ဖွံ့ဖြိုးမှု ဟူသော တူမျှစွာ လက်ခံထားသည့် ပန်းတိုင်များသို့ရောက်စေရန် တွေ့ဆုံဆွေးနွေးမှုနှင့် ထိတွေ့မှုများ ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။
ယင်းသည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာနက ကြေငြာထားသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ သံအမတ်ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့်လျှော့ချထားခဲ့သည်။
ဒဲရက်ခ် မစ်ချဲလ် ၏ စက်တင်ဘာ ရ ရက်နေ့မှ စတင်ထွက်ခွာလာသည့် ခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်မှ ၁ဝ ရက်အထိ နေပြည်တော်ရှိမြန်မာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက် စက်တင်ဘာ ၁ဝ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၄ ရက်ကြာ ရန်ကုန် ခရီးစဉ် ဖြစ်သည်ဟုလည်းဖော်ပြထား သည်။
အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း သက်ဆိုင်ရာ အစိုးရ အရာရှိများ အပါအဝင် လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုအစီအစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် မည်သို့မျှ မသိရှိရသေးဘဲ မီဒီယာမှ တဆင့်သာ သိရှိရသေးသည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ အမေရိကန် မူဝါဒဆိုင်ရာ အပြောင်းအလဲနှင့် ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “ချက်ချင်းကြီး အပြောင်းအလဲတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။ NLD နှင့် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသည် ထိတွေ့ ဆက်ဆံမူများ အမြဲတမ်း ရှိကြောင်းလည်း ယင်းက ဆိုသည်။
မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် လွှတ်တော်၌ စာရင်း သွင်းစဉ်ကမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီးမြန်မာ့ဒီမိုကရေစီရေး အတွက် စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာခရီးစဉ် အပြီးတွင် မစ္စတာမစ်ချဲလ်သည် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့တွင် ဘန်ကောက်မြို့နှင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ဂျကာတာမြို့တွင် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။
မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြံုရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။
ထိုသို့ အာရှအတွေ့အကြံုနှင့် တရုတ်နိုင်ငံ အတွေ့အကြံုများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကိုမြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။