သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်

သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။        ။ အရာရှိငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့သော တပ်တွင်းပစ်ခတ် မှုကြောင့်သေဒဏ်ပေးခံရသူ မောင်ဖြိုးစည်သူသည် ထောင်ထဲတွင် ခုနှစ်နှစ်ကျော် နေခဲ့ရပြီးနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၏ ကြားဝင် ဆောင်ရွက်ပေးမှုဖြင့် မကြာသေးခင်က လွတ်မြောက်လာခဲ့သည်။

ILO က အကျဉ်းဦးစီးနှင့် စစ်ဘက်သို့ ဆက်သွယ်၍ ကလေးသူငယ် အခွင့်အရေးကို တင်ပြခဲ့ရာက  စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ သြဂုတ်လ ၃ ရက်နေ့တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက် ရှေ့နေ ဦးစန်းအောင်က မဇ္စျိမကို ပြောသည်။

“အမှုနဲ့ဆိုင်တဲ့ ဌာနတွေကိုရော ဆက်သွယ်ပြီး သူတို့ (ILO) လုပ်ပေးတော့ ရှစ်လ အကြာမှာပဲလွတ်လာ ခဲ့တာပါ” ဦးစန်းအောင်က ပြောသည်။

သေဒဏ်ပေးခံရပြီး ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သားဟောင်း မောင်ဖြိုးစည်သူနှင့် သူ၏မိခင် ဒေါ်သန်းသန်းရီ တို့ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္စျိမ)
ရန်ကုန်တိုင်း သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ယခုအခါ အသက် ၂၁ နှစ်ရှိပြီ ဖြစ်သည့် ဖြိုးစည်သူမှာ စစ်ကိုင်းတိုင်း အရာတော်ရှိ လေ့ကျင့်ရေး (၁၀) ၏ သင်တန်း အမှတ်  (၂/ ၂ဝဝ၄) ကို တက်ရောက်ခဲ့ပြီး ကိုယ်ပိုင်နံပါတ် (တ/၂၇၉၄၄၉)ဖြင့် တပ်သား ဖြစ်ခဲ့သည်။

ဦးဝင်းဗိုလ်နှင့် ဒေါ်သန်းသန်းရီတို့မှာ သူတို့၏သား ဖြိုးစည်သူမှာ စစ်သားဘဝဖြင့်  ကလေးမြို့ထောင်တွင် အကျဉ်း ကျနေကြောင်းကို ၂၀၀၅ ခုနှစ်တွင်  ကမ္ဘာ့ကြက်ခြေနီ အဖွဲ့မှ တဆင့် ပေးပို့ပေးခဲ့သည့် စာအရ သိရှိခဲ့သည်ဟု ဆိုသည်။ သေဒဏ်မှ ထောင်ဒဏ် ပြောင်းပေးရန်  ILO၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF နှင့် အကျဉ်းဦးစီးဌာနသို့  ၂၀၁၀  ခုနှစ် နှစ်ကုန်တွင် သနားခံစာ ပေးပို့ခဲ့သည်။

“သေဒဏ်ပေးခံရတယ်လို့ သိရတော့ ရင်ထဲမှာဆို့ပြီး ပြောမပြတတ်အောင်ပဲ၊ သားက သူငယ်ချင်းတွေနဲ့ ထွက်သွား ပြီးတော့ စစ်ထဲ ရောက်သွားတာပါ၊  ပြန်လွတ်လာတော့ ထီပေါက်သလိုပဲ ဝမ်းသာတာတော့ မပြောနဲ့တော့” ဟု  ဒေါ်သန်းသန်းရီက မဇ္ဈိမကို ပြောသည်။

ဖြိုးစည်သူသည် အသက် ၁၄ နှစ်အရွယ် မေလ ၂၀၀၃ ခုနှစ်တွင် စစ်သားအဖြစ် စုဆောင်းခြင်းခံရကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက် ဂန့်ဂေါမြို့ရှိ ခြေလျင်တပ်ရင်း (၅၀) သို့စေလွှတ်ခံရ သည်။ ချင်းပြည်နယ်ရိဒ်ဒေသရှိ မွန်သဲဂေဲလ် ရှေ့တန်းစခန်းတွင် တာဝန်ကျစဉ် တပ်တွင်း အချင်းချင်း ပစ်ကြရာ ဒုဗိုလ်တဦး အပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့မှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ စစ်ခုံရုံးက ၂ဝဝ၄ ခုနှစ် မေလတွင် သေဒဏ် အပြစ်ပေးခဲ့သည်။

“အိပ်နေတုန်းမှာ ပစ်လိုက်တာ၊ ကျနော့် သူငယ်ချင်းတွေက မကျေနပ်လို့ ပစ်လိုက်တာ၊ တာဝန်ပျက်ကွက်မှုနဲ့
အရာရှိက ထိုးတာကြိတ်တာတွေရှိလို့ မကျေနပ်တာလည်း ပါတယ်၊ ကင်းအိပ်ရင် မျက်နှာကို စစ်ဖိနပ်နဲ့ ကန်တယ်၊ ထိုးတယ်၊ တုတ်နဲ့ ရိုက်တယ် အဲလိုနှိပ်စက်တာ”  ဟု သံလျင်မြို့ နေအိမ်သို့ပြန်ရောက်လာပြီး နောက် ဖြိုးစည်သူက မဇ္ဈိမကို ပြောပြသည်။

ပစ်ခတ်မှုကြောင့် ဒုဗိုလ် ရန်လင်းထွန်း၊  တပ်ကြပ်တဦးနှင့် ဆေးတပ်သား တဦးတို့ သေဆုံးသွားခဲ့ပြီး ပစ်ခတ်ရာတွင် ပါဝင်ခဲ့သော တပ်သား သုံးဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

အမှုကို စစ်ခုံရုံးမှ စစ်ဆေးရာတွင် ပစ်ခတ်မှုအပြင် တပ်အရာရှိများ ငွေးကြေး အလွဲသုံးစားမှုနှင့် လာဘ်စားမှုများပါနောက်ဆက်တွဲ ပေါ်လာသဖြင့်  ခလရ (၅၀)  တပ်ရင်းမှူးနှင့် အရာရှိ သုံးဦးကို ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခဲ့ပြီး၊  သူ့တဦးတည်းသာ သေဒဏ် ချမှတ်ခံခဲ့ရသည်ဟု ပြောဆိုသည်။

“အုန်းသီးကြားထဲမှာ ဘိန်းထည့်ပြီး မြင်းနဲ့ သယ်တာကို စစ်ကြောင်း (၁) က မိတော့ ပိုက်ဆံယူပြီး လွှတ်ပေးလိုက် တယ်၊ ရတာကို တပ်ရင်းမှူးနဲ့ ခွဲစားကြတာပေါ့။ အဲဒါတွေလည်း  ကျနော်တို့ အမှုစစ်ရင်းကနေ ပေါ်လာတယ်”ဟု ဖြိုးဝေအောင်က ပြောပြသည်။ စစ်တပ်တွင်းသို့ ပို့ခံရစဉ် အသက် ၁၈  နှစ်ပြည့်ကြောင်း မွေးသက္ကရာဇ်ကို လိမ်လည် ထွက်ဆိုခိုင်းခဲ့သည်ဟု ဆိုသည်။

ယခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် အကျဉ်းကျခံနေရသူများ အတွက် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် သေဒဏ်ကို တသက်တကျွန်းပြောင်းရန်ဟု ပါရှိသဖြင့် လက်ရှိ အကျဉ်းဦးစီး ထုံးစံအရ ဖြိုးစည်သူ၏ပြစ်ဒဏ်ကို ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလတွင် ထောင်ဒဏ် ခုနှစ်နှစ် ပြည့်သွားခဲ့သော ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီထောင်ဒဏ် ပြောင်းလဲ သတ်မှတ်ပါက ထောင်မှ လွတ်မြောက်သင့်ကြောင်း လွတ်မြောက်ရေး ကူညီဆောင်ရွက် သူများက အာဏာပိုင်များသို့ တင်ပြခဲ့ကြသည်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၄၆ အရ သေဒဏ် သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါက အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်သာ ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ILO က ၂၀၀၇ မှစ၍ အရွယ်မရောက်သေးသည့် ကလေးစစ်သားများ မြန်မာစစ်တပ်မှ ခန့်ထားမှုပေါင်း ၁၇၄ ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး၊ မိသားစုဆီ ပြန်ပို့နိုင်ခဲ့ကြောင်း ဇွန်လအတွင်းက  AFP သတင်းတရပ်တွင် ပါရှိသည်။

မေလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့ ND-Burma ၏
မှတ်တမ်း ၌ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း၌ ကလေးစစ်သား စုဆောင်းမှု ၂၁ မှု ရှိနေကြောင်း
ဖော်ပြထားသည်။

Most read this week