အစိုးရသတင်းစာ ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ်

အစိုးရသတင်းစာ ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ်
by -
ကေအိုင်စီ

ငြိမ်းချမ်းရေး လိုလားသည့် ကေအိုင်အေ စစ်မှု ထမ်းဟောင်းအဖွဲ့နှင့် စစ်လိုလားသူကေအိုင်အေ ခေါင်းဆောင် များအကြား ပဋိပက္ခ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ယနေ့ ထုတ် အစိုးရပိုင် သတင်းစာဖော်ပြချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကငြင်းပယ် လိုက်သည်။

KIA_new_on_Kyaymon

ထိုအချင်းချင်း ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး ကေအိုင်အေ ခေါင်းဆောင်တစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ပါရှိသည်။

သတင်းစာပါအရ စက်တင်ဘာလ ၁ရက်နေ့က ကေအိုင်အေတပ်ဖွဲ့၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေး တစ်ရပ်၌ ထိုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားမှုအပေါ် မဟုတ်မမှန်ကြောင်း KIA ပြောရေးဆိုခွင့်ရ ဦးလနန်က ငြင်း ပယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းက “သတင်းစာက ဖော်ပြချက်တွေကို ကြည့်ခြင်းအားဖြင့် လုပ်ကြံပြီး ပြောထားတယ်ဆိုတာ သိသာပါတယ်။ တခုမှလည်း မမှန် ကန်ဘူး။”ဟု ဆိုသည်။ ထို့အပြင် သတင်းစာပါ ဖော်ပြချက်များသည် အစိုးရက ရည်ရွယ်ချက်ရှိရှိဖြင့် ကချင်အချင်းချင်း တိုက်ခိုက် စေချင်သည့် သဘောပင်ဖြစ်ကြောင်း ဦးလနန်က ထပ်မံ ပြောဆိုသည်။

ဆွေးနွေးပွဲတွင် ကေအိုင်အေအဖွဲ့မှ စစ်ဦးစီးချုပ် ဂန်ရှောင်၊ ဒုတိယ ဦးစီးချုပ် ဂွမ်မော်၊ တပ်မဟာမှူး၊ တပ်ရင်းမှူးများနှင့် စစ်မှုထမ်း ဟောင်းများ တက်ရောက်ခဲ့ကြကြောင်းလည်း အစိုးရသတင်းစာတွင် ဖော်ပြပါရှိသည်။

သြဂုတ်လ ၂၇ရက်နေ့တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ကေအိုင်အေက ပြုလုပ်သည့်လူထုဆန္ဒသဘော ထား ဖော်ထုတ်သည့် အခမ်းအနားမှ ပြည်သူများ စစ်ရေးနည်းကို ရှောင်ရှားပြီး အစိုးရနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းရန် လိုလားနေသည့်ကြားမှ ယခုလို အချင်း ချင်း ပစ်ခတ်နေကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကေအိုင်အေအနေဖြင့် သြဂုတ်လ ၂၇ရက်နေ့မှ ၂၉ရက်နေ့ထိ လိုင်ဇာမြို့တွင် လူထုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ကျေးရွာအတွင်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ရှိနေ ကြောင်းလည်း ဖော်ပြခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၁၉၉၄ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် အစိုးရတပ်နှင့် ပြန်လည် ပစ်ခတ်ခဲ့ကြသည်။