တရုတ်ဘက် သစ်မှောင်ခို တင်ပို့နေဆဲ

တရုတ်ဘက် သစ်မှောင်ခို တင်ပို့နေဆဲ
by -
သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရတပ် နှစ်ဘက် စစ်ပွဲကြောင့် ဗန်းမော် - နမ့်ခမ်းကားလမ်း ပိတ်နေရာကချင်ပြည် နယ် မံစီမြို့နယ် အတွင်းမှ သစ်များ တရုတ်နယ် စပ်ဘက် ကားအစီးလိုက် တင်ပို့မှု  ရပ်ဆိုင်းသွား သော်လည်း ဆိုင်ကယ်ဖြင့် တင်ပို့ မှုရှိနေသေး ကြောင်းသိရသည်။

သစ်လုံးများအား ကားပေါ်သို့တင်ရန်အတွက် အလုပ်သမားများ သစ်လုံးလိမ့်နေစဉ် Paula Bronstein/Getty Images
အခြားလမ်းကြောင်းငယ်များမှ တဆင့် ဆိုင်ကယ်ဖြင့် ကိုက်ထိတ်အကျော် မိုင် ၃၀ နေရာသို့ သယ်ယူပြီး ထိုမှ တဆင့် တရုတ်နယ်စပ်ဘက် ကားဖြင့်ကဲ့ယူခြင်း ဖြစ်ကြောင်း သစ်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကေအိုင်အေနဲ့တိုက်ပွဲစဖြစ်ပြီး သိပ်မကြာဘူး ဗန်းမော် - နမ့်ခမ်းကားလမ်းက ပိတ်သွားတာပဲ။ သစ်ကားတွေ အဲဒီလမ်း အတိုင်း မတက်တော့ဘူး။ အခု ဆိုင်ကယ်တွေနဲ့ပဲ တခြားလမ်းကြောင်းတွေ ကနေဖြတ်သယ်တယ်။ ကိုက်ထိတ်အကျော် မိုင် ၃၀ နေရာမှာ စုပုံတယ်။ အဲဒီကတဆင့် အင်ဘာပါဘက်ကို ကားနဲ့ပြန်ကဲ့တယ် ” ဟု သူက ဆိုသည်။

၅ လက်မနှင့် ၈ လက်မပတ်လည် အရွယ် သစ်တုံးများကို ဆိုင်ကယ် အစီးရေ ၁၀၀ ခန့်ဖြင့် နေ့စဉ် သယ်ယူ နေကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီးလျှင် ၅ ပတ်လည် သစ်တုံး ၂၀ ခန့်နှင့်   ၈ ပတ်လည် ရ တုံးခန့် သယ်နိုင်ပြီး သစ်သယ်သူ အများစုမှာ အငှားလိုက် ကယ်ရီသမားများဖြစ်ကြောင်း ဒေသခံကုန်သည်တချို့လည်း  ရှိကြောင်း သိရသည်။