ချင်းမိုင်(မဇ္စျိမ) ။ ။ ဆင်ဆာဖြတ်မထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသား ထားသော "မြန်မာပြည်က ရေးတဲ့စာအပန်း ဖြေနားရက်များ- ၁" ကို အင်္ဂါနေ့ ထုတ်ဝေမည့် ပြည်သူ့ခေတ် ဂျာနယ်တွင် ဖတ်ရှုရတော့မည်ဖြစ် သည်။
ပြည်တွင်းဂျာနယ်တွင် ပထမဆုံးဖေါ်ပြမည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးသည် ပြန်ကြားရေးဝန်ကြီး ဌာန လက်အောက်ခံ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်လိုရာ စာရေးသူဘက်မှ လက်မခံဘဲထားရာက ဖေါ်ပြခွင့် သီတင်းပတ် နှစ်ပတ်ခန့်ကြာ နှောင့်နှေးသွားခဲ့ရသည်။
နိုင်ငံရေး သတင်းဆောင်းပါးများ အသားပေး ဖေါ်ပြပေးနေသည့် ရန်ကုန်အခြေစိုက် ပြည်သူ့ခေတ် ဂျာနယ် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးသွား ဆောင်းပါးကို ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ဂျာနယ်အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
"သူတို့လည်း ပြန်စဉ်းစားတာနေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စာရေးတဲ့ ကလောင်ရှင်ကလည်း ဒို့တိုင်းပြည်မှာ သမ္မတနဲ့တောင် တွေ့ပြီးတော့ တိုင်ပင်ဆွေးနွေး၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ရှိနေတဲ့ အနေအထား ဆိုတော့ ဘာမှ ပြောစရာလည်း မရှိတော့ပါဘူး"ဟု သူက မဇ္စျိမကို ပြောသည်။ သို့သော် စာပေစိစစ်ရေးမှ အစော ပိုင်းတွင် မည်သည့် စာပိုဒ်ဖြုတ်ခိုင်းသည်ကို ထုတ်ပြောရန် သူက ငြင်းဆိုသည်။
ပြည်သူ့ခေတ်ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားဆောင်းပါး အပါအဝင် သခင်အောင်ဆန်း ရေးထား ခဲ့သော နိုင်ငံရေးဆောင်းပါးနှင့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၏ ပဥ္စမမဏ္ဍိုင် အမည်ရှိ ဆောင်းပါးများ လည်း ဖော်ပြထားသည်။
အလားတူ ယနေ့ ဖြန့်ချိလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူငယ်များအပေါ်အမြင်သဘောထား များကို ပြည်တွင်းထုတ် Messenger ဂျာနယ်က မေးမြန်းထားသည့် အင်တာဗျူးကို ဖော်ပြခွင့်ရခဲ့သည်ဟု တာဝန်ခံအယ်ဒီတာ တဦးက ပြောသည်။
"ယနေ့ခေတ် လူငယ်တွေ အကြောင်းကို ပြောထားတာ။ ဖြုတ်တာ မရှိပါဘူး။ ကျနော်တို့ ပုံမှန်ဘဲစာပေစိစစ် ရေးကို တင်ပြခဲ့တယ်။ အများကြီး ကျေနပ်ပါတယ်။ ကျနော်တို့ ဂျာနယ်အနေနဲ့ ပထမဆုံး ဖော်ပြခွင့်ရတဲ့ အတွက် ကျေနပ် ပါတယ်။ စာပေတွေ အားလုံးအတွက်လည်း မျှော်လင့်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်မှာ အန်တီပြောတာကို ပထမဆုံးအကြိမ် ဖတ်ခွင့်ရတဲ့အတွက် လူထုအနေနဲ့ ဝမ်းသာမယ်လို့ ကျနော်ထင်တယ်”ဟု Messenger ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာက မဇ္စျိမကို ပြောသည်။
ယင်းအင်တာဗျူးထဲတွင် အဓိကအားဖြင့် ယနေ့ခေတ် လူငယ်များအား ဦးနှောက်ကို စိန်ခေါ်သည့် စာပေများ ဖတ်သင့်ကြောင်းများ အပါအဝင် လူငယ်များ ငွေကြေးရှိရုံသာမက ကျေနပ်သည့် ဘဝရရှိရန် လိုအပ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်တွင် ပါဝင်သည်ဟု အယ်ဒီတာက ပြောသည်။
ထိုအင်အာဗျူးကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့ လွတ်မြောက်လာ ပြီးနောက် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းကာ ပုံမှန်အတိုင်း စာပေစိစစ်ရေးဌာနသို့ တင်ပြခဲ့ရာမှ တနင်္ဂနွေ စက်တာဘာလ ၄ ရက်နေ့တွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့်လူငယ် များ အကြောင်းမေးမြန်းထားသောကြောင့် ဖော်ပြခွင့်ရမည်ဟု မျှော်လင့်ချက်ဖြင့် စာပေစိစစ်ရေး ဌာနသို့ ပုံမှန်တင်ခဲ့ရမှ ယခု ဖော်ပြခွင့်ရခဲ့ခြင်း ဖြစ်သည်ဟုလည်း Messenger ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာက ဆက်ပြောသည်။
ယင်းအပြင် 7 days News၊ The voice၊ Weekly Eleven၊ ပြည်သူ့ခေတ်၊ လျှပ်တပြက်၊ ဗီးနပ်စ် စသည့် ပြည်တွင်း ဂျာနယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းထားသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြခွင့်ရခဲ့သော်လည်း တခြားသော ဆင်ဆာ
ဖြတ်တောက်မှုများ ရှိမလားဆိုသည့် မေးခွန်းအပေါ် အခြေအနေနှင့် အချိန်အခါအရ ဖြတ်တောက်မှုရှိ၊ မရှိကိုမူ
ပြောဆိုရန် ခက်ခဲသည်ဟု သူက သုံးသပ်ပြောဆိုသည်။
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဆင်ဆာဘုတ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့်သတင်း ဓါတ်ပုံများ ကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့်များ ကန့်သတ်သဖြင့် တချို့ဂျာနယ်များ ခွင့်ပြုချက်မယူဘဲ ဂျာနယ်တွင်ဖော်ပြခဲ့သဖြင့် ယာယီရပ်ဆိုင်းခံခဲ့ရမှုများ ရှိခဲ့သည်။