နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗဟိုနှင့် အဆက်သွယ် ပြတ်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် တလကျော်ပျောက် ဆုံးနေမှုအား စုံစမ်းနေဆဲဖြစ်ပြီး ရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်း KNU က ပြောသည်။
မန်းငြိမ်းမောင်မှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာများ ကုန်ဆုံးသွားခြင်းကြောင့် နှစ်နိုင်ငံလုံးသို့ ဝင်ခွင့် မရဘဲရှိစဉ် တရုတ်နိုင်ငံ ကူမင်းလေဆိပ်၌ လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း KNU ပြောခွင့်ရ ဗိုလ်မှူးစောလငွေက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ထိုင်းကလည်း ဗီဇာသက်တမ်းကုန်တဲ့ ပုဂ္ဂိုလ်ကို မထားနိုင်ဘူးဆိုပြီး ပြန်ပို့တယ်။ ကူမင်းလေဆိပ်ကလည်း အဆင်းမခံဘူး။ ကူမင်းမှာပဲ အစပျောက်သွားတယ်။ လေယာဉ်ကုမ္ပဏီကလည်း မသိဘူးပဲ ပြောတယ်” ဟု ၎င်းက ပြောသည်။
“ပျောက်ဆုံးနေတာကို အပိုင်အနိုင် ဖော်ထုတ်လောက်အောင်၊ ကိုင်တွယ်လောက်အောင် မရသေးတဲ့ အတွက် မထုတ်ပြန်သေးဘူး။ ဆက်လက် လိုက်နေဆဲပဲ”ဟု စောလငွေက ထပ်ပြောသည်။
မန်းငြိမ်းမောင်အား တရုတ်အာဏာပိုင်များက မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်းသတင်း များ ထွက်ပေါ်နေသော်လည်း အတည် မပြုနိုင်သေးကြောင်း KNU က ပြောသည်။ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် တာဝန်မှ ခွင့်ပေးထားသည်မှာ ၈ လကျော် ကြာခဲ့ပြီ ဖြစ်ပြီး ဗဟိုနှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။ ယခု တရုတ်ပြည် ခရီးစဉ်မှာလည်း မိခင် အဖွဲ့အစည်း တာဝန်ဖြင့် သွားရောက်ခြင်း မဟုတ်ဘဲ မိမိဆန္ဒအလျောက် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် မန်းငြိမ်းမောင်မှာ ယခုချိန်ထိ တရုတ်ပြည်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ် နေပြီး တဖက်မှလည်း မြန်မာအစိုးရ ဖမ်းဆီးမှုကို ခံနေရကြောင်းလည်း သတင်းများ ထွက်ပေါ်နေရာသတင်း ထုတ်ပြန်ရ ခက်နေကြောင်း ဗိုလ်မှူးစောလငွေက ပြောသည်။
“အခြေအနေက မပိုင်သေးတော့ မတော်တဆများ တရုတ်ပြည်ထဲမှာ ရောက်နေမလားဆိုတော့ ကိုယ်က ဒီကနေ လှမ်းအော်လိုက်ရင်လည်း သူ့အတွက် ပြဿနာ ဖြစ်မှာစိုးလို့၊ နောက်ပြီး အဲဒီကိစ္စကိုမဖော်ဘူးဆို ရင်လည်းပဲ အထဲမှာ သူ့ကို မတရားသောအားဖြင့် အငြိုးအာဃာတနဲ့ နှိပ်စက် ညှဉ်းပမ်းတာလုပ်မှာ အစ ဖျောက်မှာလည်း စိုးရိမ်ရ။ အဲဒီကြားထဲမှာ လိုက်နေတာပဲ”
မန်းငြိမ်းမောင်မှာ ၁၉၆၇ တွင် ကရင် လူငယ်ခေါင်းဆောင် တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံရပြီး နာမည်ကြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ သို့သော် အခြားရဲဘော် ၂ ဦးနှင့်အတူ လှေနှင့် ထွက်ပြေးကာမြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင့်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းမိသွားခဲ့သည်။
ထိုကဲ့သို့ ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။