ဒဂုံမြို့နယ်မှ လယ်သမားများ လယ်ဧက တစ်သောင်းကျော် ပြန်ရရေး လွှတ်တော်သို့ တိုင်စာပို့

ဒဂုံမြို့နယ်မှ လယ်သမားများ လယ်ဧက တစ်သောင်းကျော် ပြန်ရရေး လွှတ်တော်သို့ တိုင်စာပို့
by -
အားမီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ လယ်သမားများ က “နိုင်ငံတော်၏ စိုက်ပျိုးရေး အထူး အထွက်တိုးဇုံ” စီမံချက်ကြောင့် ဆုံးရှုံးသွားသော လယ်မြေဧက တစ်သောင်းကျော် ပြန်လည် ရရှိရေး အတွက် နေပြည် တော်ရှိလွှတ်တော်ဆိုင်ရာရုံးများနှင့်သမ္မတ ရုံးသို့ ယမန်နေ့က သွားရောက်တိုင်ကြားစာပေး ပို့ခဲ့သည်။

“တောင်သူလယ်သမားတွေရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ သူတို့ခံစားနေရတဲ့ ဒုက္ခတွေ၊လယ်လက် လွတ် ဆုံးရှုံးရပုံ အဆင့်ဆင့် အဲ့ဒါတွေကို တောင်သူလယ်သမားတွေက စာရေးသား ပြုစုပြီးတော့လွှတ်တော် ရုံးကိုတင်ပါတယ်။” ဟု လယ်သမားအရေးဆောင်ရွက်နေသူ လူ့အခွင့် အရေး ရှေ့နေ ကိုဖိုးဖြူကပြော သည်။

ထူး၊ ယုဇန၊ ဆင်းရွှေလီ၊ ပင်လယ်ကိုးသွယ်၊ ရွှေဟိန်းကြံ့စသည့် ကုမ္ပဏီများအပါအဝင် စုစုပေါင်း ကုမ္ပဏီ (၁၄) ခုတို့က ယင်းလယ်ယာမြေများကို အဓမ္မသိမ်းယူခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

လယ်ယာမြေများ ဆုံးရှုံးမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး လယ်သမားများသည် ရရာကျပန်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း နေကြရသဖြင့် လယ်သမား မိသားစုဝင် တစ်သောင်းကျော်မှာ မိသားစုစားဝတ်နေရေး အခက်အခဲနှင့်  ရင်ဆိုင်နေကြရသည်ဟု ကိုဖိုးဖြူကဆက်ပြောသည်။

တိုင်ကြားစာ ပေးပို့ရာ၌ နေပြည်တော်သို့ လိုက်ပါသွားသော ဒဂုံမြို့သစ်တောင်ပိုင်းရှိ လယ်သမား ဦးမြင့်အောင်က တိုင်ကြားစာပို့ရခြင်းနှင့် ပတ်သက်၍ ယခုလိုပြောသည်။

“ကုမ္ပဏီတွေက လယ်တွေကို မရ ရ အောင်လုပ်၊ ပြီးတော့ စိုက်ပျိုးရေးလုပ်လားဆိုတော့လည်း မလုပ်ဘူး။ လယ်တွေကို မြေရိုင်းတွေ ဖြစ်အောင်လုပ်၊ ပြီးတော့ မြေဂရမ်ရအောင် ထပ်လုပ်၊ လယ်သမားတွေဆီက လယ်တွေကို အတင်းအဓမ္မသိမ်း၊ အဲ့ဒါတွေကို မခံနိုင်လို့ အခုလို တိုင်ရတာ။”

ယင်းတိုင်ကြားစာနှင့်အတူ တောင်သူလယ်သမား အခွင့်အရေး ဥပဒေ အကြံပြု စာတမ်းနှင့်လယ်ယာမြေဆိုင် ရာ ဥပဒေတချို့ ပြန်လည် ပြင်ဆင်ရေးကိစ္စများလည်း ထည့်သွင်းတင်ပြထား သည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ထို့အပြင် “ဧရာဝတီတိုင်းက လယ်အသိမ်းခံရထားတဲ့ကိစ္စ၊ ရေလုပ်သားနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ကိစ္စတွေကို(လည်း) တင်ပြခဲ့တယ်၊ လယ်သမားတွေအတွက် အာမခံချက်ရှိမယ့် ဥပဒေမျိုး ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို တင်ပြခဲ့တယ်။” ဟု ကိုဖိုးဖြူ ကပြောသည်။

သမ္မတဦးသိန်းစိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် ၂၀၀၈ ခုနှစ်၌ ဒဂုံမြို့နယ်အတွင်းရှိ လယ်သမားများအား သွားရောက်တွေ့ဆုံခဲ့ပြီး “နိုင်ငံတော်၏ စိုက်ပျိုးရေး အထူး အထွက်တိုးဇုံ” စီမံကိန်းအတွက် နိုင်ငံတွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီများနှင့် လယ်သမားများ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စီမံချက်ချမှတ်ခဲ့သည်။

ယင်းစီမံချက်တွင် စိုက်ပျိုးရေးလုပ်ငန်းအသီးသီးအတွက် ကုန်ကျမည့် စားရိတ်များ၊ စိုက်ပျိုးရေး သုသေတန လုပ်ငန်းများအတွက် ကုန်ကျမှုများကို ကုမ္ပဏီများအား ကျခံစေပြီး လယ်သမားများ အနေဖြင့်လူအရင်း အမြစ် စိုက်ထုတ်ရန် ခန့်ခွဲခဲ့သည်။

သို့သော်လည်း အဆိုပါကုမ္ပဏီများသည် ကုန်ကျစားရိတ်များကို အပြည့်အဝထုတ်ပေးခြင်း မရှိခဲ့သည့်အပြင် စိုက်ပျိုးရေးအတွက် သုသေတနလုပ်ငန်းများနှင့် လူအရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် အားနည်းမှုရှိခဲ့သည်ဟု သိရသည်။

နောက်ပိုင်း၌ ၎င်းကုမ္ပဏီများသည် လယ်မြေများကို အိမ်မြေကွက်များရိုက်ပြီး ၎င်းမြေများ ပိုင်ဆိုင်ခွင့် ရရန် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ မြေဂရမ်များ ရရှိရေး ကြိုးပမ်းခဲ့ကြသည်ဟု သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍  ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ခရိုင်အလုပ်သမားရုံးရှေ့တွင် တောင်သူ လယ်သမား ၃၈၃ ယောက်တို့က ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ရာ ထိုအချိန်မှစ၍ မြေဂရမ် ရရှိရေး ကြိုးပမ်းမှုများ ရပ်တန့်သွားသည် ဟု ကိုဖိုးဖြူကပြောသည်။

Most read this week