တရုတ်ယွန်ငွေစျေး ကျဆင်းမှု မြန်မာအလုပ်သမားများ နစ်နာ

တရုတ်ယွန်ငွေစျေး ကျဆင်းမှု မြန်မာအလုပ်သမားများ နစ်နာ
by -
ဇော်ကြီး

မြန်မာကျပ်ငွေစျေး မြင့်တက်လာနေပြီးတရုတ်ယွန် ငွေ စျေးနှုန်း ကျဆင်းလာမှုကြောင့် တရုတ်မြန်မာ နယ်စပ် မြို့များတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အခက်အခဲ ဖြစ်နေကြသည်။

တရုတ်ပြည်ဖက်ခြမ်းရှိ ရွှေလီ၊ ကြံဟောင်နှင့် ယင်ကျန်းမြို့များရှိ စက်ရုံ အလုပ်ရုံများတွင်အလုပ်လုပ်ကိုင် နေသူများအနေနှင့် အလုပ်ဆက်မလုပ်တော့ဘဲ မြန်မာပြည်သို့ ပြန်မည့်သူ ပိုများလာသည်ဟု ရွှေလီမြို့မှ အလုပ်သမားများနှင့် ရင်းနှီးသူ တဦးက ယခုလိုပြောသည်။

“မနက်ဖြန်တော့ ပြန်မယ့်သူတွေ များတယ်။ ဒီနေ့မနက်တောင် ပြန်သွားကြတာ ရှစ်ယောက် လောက်ရှိပြီ။ ကျန်တဲ့သူတွေ  တော်တော်များများ ကလည်း ပြန်မယ်လို့ပြောနေကြတယ်။”

လွန်ခဲ့သည့် ဇူလိုင်လက မြန်မာကျပ်ငွေ တစ်ထောင်လျင် တရုတ်ယွန် (၅.၅) ယွန်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ တရုတ်ယွန်ငွေ (၉.၂) ယွန်ထိ စျေးပေါက်နေသည်။

တလလျှင် တရုတ်ငွေ ယွန်(၅၀၀)ခန့် ရသည့် မြန်မာအလုပ်သမားတဦးသည် ယခုအခါ ကျပ်ငွေ ခြောက်သောင်း ခန့်သာ ရသည့်အတွက် နေထိုင်စားသောက်စားရိတ်နှင့် မကာမိသဖြင့် မြန်မာပြည်သို့ ပြန်လိုကြခြင်း ဖြစ်သည်။

ရွှေလီမြို့ရှိ ပရိဘောဂ စက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တဦးကမူ လောလောဆယ် ငွေစျေးနှုန်း ကွာဟမှုကြောင့် အလုပ်သမားများ အခက်အခဲ ဖြစ်နေကြကြောင်း၊ အလုပ်ရှင်ထံ တင်ပြ၍ ဖြေရှင်းမပေးပါက အလုပ်မှ ထွက်မည်ဟု ပြောဆိုထားကြောင်း ယခုလို ပြောသည်။

“ဘာကြောင့် ပြန်မလဲတဲ့မေးတယ်။ ဒီလိုပဲ တရုတ်ငွေစျေးက ကျနေတော့ ကျနော်တို့ရတဲ့ လစာနဲ့ ချိန်ကြည့်ရင် လုံးဝ မကိုက်တော့ဘူးပေ့ါ။ အဲဒီမှာ သူက နင်တို့ကိုတော့ စဉ်းစားပေးမယ်လို့ ပြောတယ်။”

သို့သော် မြန်မာပြည်သို့ ပြန်သွားပါက အလုပ်အကိုင် ရှားပါးသည့်အတွက် အလုပ်ရှင်မှ လုပ်ခလစာတိုးမြှင့်ပေး ပါက ဆက်လက်လုပ်ကိုင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

တရုတ်ပြည်သို့ အလည်အပတ် သွားမည်ဆိုပါက နယ်စပ်ဖြတ်ကျော်ခွင့် ပတ်စပို့ အနီရောင် ပြုလုပ်ကြရပြီး နယ်စပ်တွင် အလုပ်လုပ်သူများသည် ခုနှစ်ရက် လည်ပတ်ခွင့် လက်မှတ်ဖြင့် ၀င်ရောက်လာကာ တရားမဝင် အလုပ်လုပ်ကိုင်နေကြသည်။ ထိုသူများကို တရုတ်အာဏာပိုင် များက စစ်ဆေးနေသည့်အတွက် အခက်အခဲ ဖြစ်ကြရသည်ဟု အဆိုပါ အလုပ်သမားက ပြောသည်။

“ရတဲ့ လစာလေးနဲ့ စက်ဘီးလေးတွေ ၀ယ်စီးတယ်ဗျာ။ အဲတာ စက်ဘီးစီးလာတဲ့ မြန်မာဆိုရင် တရုတ်ရဲက ဖမ်းစစ်တယ်။ ပြီးတော့ ကျနော်တို့ မြန်မာတွေရောင်းတဲ့ ထမင်းဆိုင်မှာဆိုလည်း လူတွေ များလာတဲ့ အခါကျရင် ရဲကားတွေက ပတ်ပြီးတော့ ၀င်ဖမ်းတယ်ခင်ဗျ။ လက်မှတ် မရှိရင်တော့ ရဲစခန်းမှာ တယောက်ကို ငါးရာနဲ့ ရွေးယူရတယ်။ အခုတလော အစစ်အဆေး ကလည်း အရမ်းများလာတော့ တချို့ဆို အပြင်တောင် မထွက်ရဲတော့ဘူး။”

နယ်စပ်ဖြတ်ကျော်ခွင့်(သို့မဟုတ်) ခုနှစ်ရက် လည်ပတ်ခွင့် လက်မှတ် တခုခုရှိပြီး အလုပ်ရှင် ထောက်ခံချက် ရှိပါက နယ်စပ်တွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် အစိမ်းရောင် လက်မှတ်များကို တရုတ်အစိုးရက ပြုလုပ် ပေးသည်။

အလုပ်သမားများသည် ယင်းအစိမ်းရောင် လက်မှတ်များ ပြုလုပ်ထားသော်လည်း ဘာသာစကားအခက်အခဲ ကြောင့် အခြားပြဿနာဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟု ရွှေလီမြို့ခံ အရောင်း အဝယ်သမား တဦးက ယခုလိုပြောသည်။

“နေထိုင်ခွင့်စာအုပ် အစိမ်းရှိရင်တော့ မဖမ်းဘူးပေ့ါဗျာ။ ဒါပေမယ့် အခုက အရင်ကလို ပုံစံမျိုးမဟုတ်တော့ ဘူး။ စာအုပ်ရှိရှိ မရှိရှိ စစ်ပြီဆိုတာနဲ့ ဒူးထောက်ခိုင်းတယ်။ ဒူးထောက်ပြီးမှ စာအုပ်စစ်တာတွေလုပ်တယ်။ အများအားဖြင့် အရိုက်အနက်လည်း ခံရတာတွေ ရှိတော့ တော်တော်များများက ကြောက်နေကြတယ်။”

ယင်းသို့ အခြေအနေများအပေါ် “နယ်စပ်ကလည်း ရှုပ်နေတာ တပိုင်းရှိတယ်။ အဲဒီတော့ တရုတ်ကလည်း စိုးရိမ်မှုတော့ ဖြစ်မှာပေ့ါ။ သူတို့က အစစ်အဆေး အဖမ်းအဆီးကြမ်းလာတော့ အပြင်ထွက်တဲ့သူမရှိသ လောက်ဖြစ်နေပြီးတော့ ကျနော်တို့ စျေးအရောင်းအဝယ် လုပ်စားနေကြတဲ့ သူတွေလည်းအရောင်းအဝယ် တွေ ပါးကုန်တော့တာပေ့ါ။” ဟု ဆက်လက်ပြောဆိုသည်။

ရွှေလီနှင့် ကြံဟောင် ဒေသတဝိုက်တွင် မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံအလုပ်ရုံ ပေါင်း (၂၀) ခန့်ရှိပြီး စက်ရုံ တခုလျှင် မြန်မာနိုင်ငံသား (၅၀) မှ (၄၀၀) ခန့် အထိ အလုပ်လုပ်ကိုင်နေကြ သည်ဟု သိရသည်။