မြို့ပတ်ရထား တိမ်းမှောက် လေးဦး ဒဏ်ရာရ

မြို့ပတ်ရထား တိမ်းမှောက် လေးဦး ဒဏ်ရာရ
by -
မျိုးသိဏ်း

ရန်ကုန် (မဇ္စျိမ) ။       ။ ရန်ကုန်မြို့ပတ် ရထား တစီးမှ နောက်ဆုံးတွဲသည် ကမာရွတ်မြို့နယ်အတွင်း ကမာရွတ် ဘူတာနှင့် လှည်းတန်းဘူတာ အကြားတွင် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်က ပြုတ်ကျကျန်ပြီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။

အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့ မောင်းနှင်လာသည့် မြို့ပတ် ရထားအမှတ် (တ-၈) သည် ကမာရွတ် ဘူတာကျော်လွန်ပြီးနောက် နောက်ဆုံးလူစီးတွဲ ပြုတ်ထွက်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ လမ်းချော်တိမ်းမှောက်ခဲ့သည့် ရထားတွဲအတွင်း လူဦးရေ ၂၀ ခန့်သာ ပါဝင်ပြီး ထိခိုက် ဒဏ်ရာရသူများမှာ အင်းစိန် ဘူတာရုံပိုင်ကြီး ဦးကျော်ရွှေ (၅၆) နှစ်၊  ဦးရဲဝင်း (၅၇) နှစ်၊ ကိုလှဦး (၂၇) နှစ် နှင့် ဒေါ်နော်လီခင် (၄၉) နှစ်တို့ ဖြစ်သည်။
ရထားတွဲ တိမ်းမှောက်ခြင်းမှာ ပြင်ပ ပရောဂ မပါဘဲ သဘာဝအလျောက် ဖြစ်တာပါဟုရန်ကုန်တိုင်း စစ်တိုင်းမှူး က သတင်းထောက်များကို ပြောကြားသည်။ ဓာတ်ပုံ- မဇ္ဈိမ။
“ အင်းစိန်ကနေ ၁ နာရီ ၃၅ မိနစ်မှာ ထွက်လာတာ။ ကျနော်လဲ နောက်တွဲ ပြုတ်သွားတယ်ဆိုတာ သိသိခြင်း ရထားကို ရပ်လိုက်တာပဲ။” ဟု ရထားစက်ခေါင်း မောင်းနှင်သူ ဦးဝင်းမင်းဦးက ပြောသည်။

အခင်းဖြစ်ပွားမှုကို မျက်မြင်ကြံုတွေ့ခဲ့သည့် အနီးဝန်းကျင် နေသူတဦးက “ ကျနော်တို့က စျေးဆိုင်ထဲမှာ ထိုင် နေတာ။ 'ဂလုံး' ဆိုပြီး အသံကြီးထွက်လာလို့ ကြည့်လိုက်တော့ ရထားကနေ တွဲတတွဲ ကျန်ခဲ့ပြီး သူက
တစောင်းကြီး ကိုက် ၁၅၀ လောက် ဆက်သွားနေပီးမှ လဲသွားတာ။ အဲ့တာ အနားက လူတွေကအားလုံး ပြေးပြီးလှေကားတွေ ခုံတွေရှာပြီး ခရီးသည်တွေ ဆွဲထုတ်ကြတာ။ ” ဟု ပြောသည်။

ရထားတွဲ တိမ်းမှောက်ရာသို့ ရန်ကုန်တိုင်း ဒေသကြီး ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်နှင့် စစ်တိုင်းမှူးတို့ပါ လာရောက်ခဲ့ပြီး ရန်ကုန်တိုင်း စစ်တိုင်းမှူးက ဖြစ်စဉ်မှာ ပြင်ပ ပယောဂကြောင့် ဖြစ်ခြင်း မဟုတ်ပဲ သဘာဝ အလျောက် ဖြစ်ပွားခြင်းဟု သတင်းထောက်များကို ပြောဆိုခဲ့ပြီး ဖြစ်ရပ်နှင့် ပတ်သတ်၍ အပြုသဘောဖြင့်
ရေးသားရန် သတင်းထောက်များကို ပြောသည်။