ငြိမ်းချမ်းရေးကို ဗဟိုအစိုးရနှင့်သာ တိုက်ရိုက် ဆွေးနွေးလိုဟု UNFC ပြော

ငြိမ်းချမ်းရေးကို ဗဟိုအစိုးရနှင့်သာ တိုက်ရိုက် ဆွေးနွေးလိုဟု UNFC ပြော
by -
ခိုနူမ်ထုန် သတင်းဌာန

တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့်စုပေါင်းဖွဲ့ စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိူးများ ဖက်ဒရယ် ကောင်စီ (UNFC) ကငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ဗဟိုအစိုးရအဆင့်နှင့်သာတိုက် ရိုက်ဆွေးနွေးလိုသည်ဟု အစိုးရ၏ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ်တုံ့ပြန်ပြောဆိုလိုက်သည်။

မြန်မာအစိုးရသစ်အနေဖြင့် “ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့အစည်း” ဖွဲ့ပြီးပါက UNFC ဘက်မှ အလားတူ ဖွဲ့စည်းထားသော ဆွေးနွေး ရေးအဖွဲ့ နှင့် တိုက်ရိုက်ဆွေးနွေးသွားခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု UNFC ၏ သြဂုတ်လ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြ ထားသည်။

‘‘ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်အာဏာလည်း မရှိဘူး၊ နောက်ဆုံး နေပြည်တော်နဲ့ပဲ နိဂုံးချူပ်ရမယ်ဆိုတော့ တခါတည်းပဲ နေပြည် တော်အဖွဲ့ နဲ့ ဒီက တပ်ပေါင်းစုကိုယ်စားလှယ်အဖွဲ့နဲ့ ပြောလိုက်ရင်ပြီးသွားတာပဲ လေ’’ ဟု UNFC အဖွဲ့ဝင် ခွန်ဥက္ကာ ကပြောသည်။

မြန်မာအစိုးရသစ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် အနေဖြင့် အချက် ၃ ချက်ပါသော ကြေညာချက်တရပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်သည့် ကြေညာချက်တွင် ‘‘လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော် ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသည် မိမိတို့ တစ်ဖွဲ့ချင်း အလိုက် ပထမအဆင့် အနေဖြင့် ပဏာမ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်’’ဟု ဖော်ပြထားသည်။

သို့သော်လည်း UNFC ကမူ လက်ရှိမြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများ နှင့် ငြိမ်းချမ်းရေးပျက်ပြားနေ သော ပြဿနာများမှာ အုပ်ချူပ်သူ အစိုးရအဆက်ဆက်မှ ဖြစ်ပေါ်လာခဲ့သော တိုင်းရင်းသားလူမျိူးများ၏ မွေးရာပါ အခွင့်အရေးဆုံးရှုံးမှု အပါအဝင် နိုင်ငံ ရေး အခြေခံပြဿနာများသာဖြစ်ပြီး ပြည်နယ်(သို့) တိုင်း ဒေသကြီး အလိုက် သီးခြားဖြစ်ပွားနေခြင်းလည်း မဟုတ်သည့်အတွက် ပြည် နယ်၊ တိုင်းဒေသကြီးများ နှင့် ပမာဏတွေ့ဆုံရေးဖိတ်ခေါ်ချက်ကို ငြင်းဆန်ရခြင်းဖြစ်သည်ဟု ၄င်းတို့ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ နှင့် တဖွဲ့ချင်းဆွေးနွေးရန် ကမ်းလှမ်းချက်သည်တိုင်းရင်းသား လူမျိူးများ၏ စည်းလုံး ညီညွတ်စွာ ရပ်တည်မှုကို ဖြိုခွဲလိုသည့်အတွက်ကြောင့် ဖြစ်သည်ဟုလည်း UNFC ကဆိုသည်။

‘‘ယခုလို တဖွဲ့ချင်း ဖိတ်ခေါ်မှုသည် မိမိိတို့ တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို သပ်လျှိုဖြိုခွဲရာ ကျသည် ဟု ယူဆသည့်အပြင် ယခင်အတွေ့အကြံုများအရ တဖွဲ့ချင်းဆွေးနွေးခြင်းအားဖြင့် ထိရောက်မှုမရှိ ရလဒ်ကောင်းမရ နိုင်ကြောင်း ကိုလည်း မိမိတို့ UNFC နှင့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးက ကောင်စွာသိရှိပြီးဖြစ်ကြောင်း’’ဟု အဆိုပါ UNFC ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

၂ဝ၁၁ ခု ဖေဖော်ဝါရီလ ၁၂-၁၆ ထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် အမျိုးသား တန်းတူရေး၊ ပြည် နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးတို့အတွက် UNFC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

UNFC တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ မွန်ပြည်သစ် ပါတီ NMSP ၊ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF ၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ LDU၊ “ဝ” အမျိုး သားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO တို့ ပါ၀င်သည်။

Most read this week