ရှားတောမြို့နယ် စိမ့်ဝင်တောင်ဂိတ်တွင် ဆန်သယ်ပါက အခွန် ပေးနေရ

ရှားတောမြို့နယ် စိမ့်ဝင်တောင်ဂိတ်တွင် ဆန်သယ်ပါက အခွန် ပေးနေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရှားတောမြို့နယ် မြောက်ဖက်ရှိ စိမ့်ဝင်တောင်ဂိတ်တွင် ယခုလမှ စတင်ပြီး စစ်တပ်က ဂိတ်ကို ဖြတ်သန်း သယ်ဆောင်သည့် သုံးပုံးဝင် ဆန်တအိတ်လျှင် ကျပ် ၁၀၀၀ နှုန်း အခွန်ကောက်ယူ လျက်ရှိသည်။

အဆိုပါဂိတ်သည် စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် -  စကခ - ၁၇ လက်အောက်ခံ ခြေမြန်တပ်ရင်း - ခမရ ၅၇၇ အခြေစိုက်သည့် ဂိတ်ဖြစ်သည်။

ယခု အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် အခွန်ကောက်ခြင်းဖြစ်ပြီး ထိုသို့အခွန်ကောက်ခံ နေမှုအား  အထက်ကို တင်ပြမှု ရှိမည် မဟုတ်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန - KSWDC မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။ “ဂိတ်မှာစောင့်နေတဲ့တပ်က သူတို့ (ဖာသာသူတို့) လုပ်စားတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ရှားတောမြို့နယ်မှ ရွာသူရွာသားများသည် တခါတလေမှသာ လွိုင်ကော်မြို့သို့ တက်ပြီး ဆန်များများ စားစား ၀ယ်ယူလိုကြသော်လည်း အစိုးရဂိတ်က ထိုသို့ ၀ယ်ယူခွင့် မပြုဟု ရှားတောမြို့နယ်ဒေသ တာဝန်ခံ တဦးက ပြောသည်။

“အချိန်အခါမဟုတ်ပဲနဲ့ မိုးရွာသွန်းမှုကြောင့် (ရှားတောမြို့နယ်အတွင်း) ဆန်စပါး မလုံလောက်ဘူး။ ခု လွိုင်ကော်ကနေ သွားသယ်တော့လည်း တယောက်ကို ဆန်တအိတ်ပဲ သယ်ခွင့်ပေးတယ်”ဟုပြော သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ရှားတောမြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ် လှုပ်ရှားမှု များပြားပြီး ရွာသူ၊ ရွာသားများအား လုပ်အားပေးခိုင်းခြင်း၊ ထိုကြောင့် မိမိတို့ လယ်ယာလုပ်ငန်းခွင်ကို ကြပ်ကြပ်မတ်မတ် ဂရုမစိုက်နိုင်ခြင်း၊ အချိန်အခါ မဟုတ်ပဲ မိုးရွာသွန်းခြင်း စသည့် ပြသာနာများကြောင့် ယခုနှစ်၌ ရွာသူ၊ ရွာသားများ ဆန်လုံလောက်မှု မရှိ ဖြစ်နေရသည်။ ထိုကြောင့် ယခုကဲ့သို့ လွိုင်ကော်သို့ သွားပြီးဆန်ဝယ် ယူနေကြရခြင်း ဖြစ်သည်။

ရှားတောမြို့နယ်အတွင်းရှိ ဒေါကျဲ၊ သီရိဒါး၊ ဒေါ၀ယ်ရော အပါအဝင် ကျေးရွာအတော်များများလွိုင်ကော် သို့ သွားပါက အဆိုပါ စစ်တပ်အခြေစိုက်ရာ စိမ့်ဝင်တောင်ဂိတ်ကို ဖြတ်ပြီးသွားရသည်။

Most read this week