ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေစိစစ်ရေး ထိပ်တိုက်တွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေစိစစ်ရေး ထိပ်တိုက်တွေ့
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။       ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်တွင်း ဂျာနယ်တစောင်အတွက် ပထမဆုံးသော ကိုယ်တိုင် ရေး ဆောင်းပါးတပုဒ် ရေးသားပေးပို့အပြီး ဆောင်းပါးမှ စာပိုဒ်အချို့ကို ဖြုတ်ပစ်ရန် စာပေ စိစစ်ရေးမှ အကြောင်းပြန်ခဲ့ခြင်းကြောင့် ဒေါ်စုနှင့် စိစစ်ရေးတို့ ထိပ်တိုက်ကြုံရတော့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်းပါးပါ စာပိုဒ် အချို့ကို ဖြုတ်ပစ်ရပါက ဆောင်းပါးကို ဂျာနယ်တွင် မဖေါ်ပြရန် တုံ့ပြန်လာကြောင်း ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက မဇ္ဈိမကို ပြောသည်။

dasskarticles“စာပေစိစစ်ရေးကတော့ ထုံးစံအတိုင်းပေါ့။ ဒါတွေ ဒါတွေ ဖြုတ်ပေးပါလို့ ပြောတယ်။ ကျနော်တို့စာမူ ဆိုရင်တော့ဖြုတ်ပေးလိုက်တာပေါ့ဗျာ။ ဒါပေမယ့် ဒေါ်စု စာမူဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြရတာပေါ့ဗျာ။ အဲတော့ ဒေါ်စုက အဲဒါတွေ ဖြုတ်ရမယ် ဆိုလို့ရှိရင် သူဆောင်းပါး မထည့်ပါနဲ့လို့ ပြောတယ်” ဟု မောင်ဝံသ ကပြောသည်။

နိုင်ငံရေး သတင်းဆောင်းပါးများ အသားပေး ဖေါ်ပြပေးနေသည့် ရန်ကုန်အခြေစိုက် ပြည်သူ့ခေတ် ဂျာနယ်အတွက်ဒေါ်အောင်ဆန်းစုကြည်မှ ဂျာနယ် စာမျက်နှာ တမျက်နှာစာရှိ ပုဂံခရီးစဉ်အကြောင်း ခရီးသွား ဆောင်းပါးတပုဒ်ကိုပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"စာပေကင်ပေတိုင်" ဟု စာပေလောကသားများအကြား လူသိများသည့် စိစစ်ရေးမှ ဖြတ်ခိုင်းသည့် စာပိုဒ်များတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုမူ မောင်ဝံသက ပြောဆိုခြင်း မပြုပေ။ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အဆိုပါ ဆောင်းပါးကို အပြည့်စုံ ဖေါ်ပြခွင့်ရရန် စာပေ စိစစ်ရေးဌာနသို့ ထပ်မံ တင်ပြသွားဦးမည်ဟုလည်း ဆိုသည်။

“စိစစ်ရေးကို မေးမြန်းပြီး ထပ်တင်ကြည့်ဦးမယ်ဗျာ။ အနေအထားတွေ တိုးတက်ပြောင်းလဲ လို့ရှိရင်တော့ အဆင်ပြေချင်လည်း ပြေမှာပေါ့ဗျာ” ဟု ဦးဖေမြင့် က မဇ္စျိမကို ပြောသည်။

ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး စိစစ်ရေးနှင့်ရင်ဆိုင်နေရသော်လည်း အင်္ဂလိပ်ဘာသာ ဖြင့် ပုဂံခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ်မှာ ဂျပန်နိုင်ငံထုတ် မိုင်နိချိ သတင်းစာတွင်
ဖေါ်ပြခံခဲ့ရသည်။

စာပေစိစစ်ရေး ဘက်မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ဖေါ်ပြခွင့် မပြုရန် ‘လုံးဝ’ပိတ်ပင် လိုက်ခြင်း မဟုတ်ဘဲ လတ်တလောတွင် ဆိုင်းငံ့ အနေအထားမှာပင်ရှိပြီး ၂ဝဝ၈ အခြေခံဥပဒေ၌ စာပေစိစစ်ရေး မူဝါဒ ၄ ချက်တွင် ပါဝင်သည့် လွတ်လပ်စွာ စာပေပုံနှိပ်ထုတ်ဝေခွင့် ဥပဒေအရ အချိန်ကာလ တခုအတွင် ထုတ်ပေးနိုင်မည့် အနေအထား ဖြစ်လာနိုင်ကြောင်း စိစစ်ရေးဌာန တာဝန်ရှိသူတဦးကပြော သည်။

“ဥပမာ သတင်းက ၆ ပိုဒ် ပါတယ်။ ၄ ပိုဒ်လောက်က ကျနော်တို့ စီစစ်ရေးမူဝါဒတို့ ဘာတို့နဲ့ ငြိတယ်ဆိုတော့ အဲဒီ၂ ပိုဒ်ထဲ လွှတ်လိုက်ရုံနဲ့ ဘာမှမထူးတဲ့အခါကျတော့ တပုဒ်လုံး ပယ်ရတာမျိုးတွေ ရှိပါတယ်။ အခု ဒီဆောင်းပါး ဟာလည်း ဆိုင်းငံ့နေတဲ့ အနေအထားမျိုးပဲ ဖြစ်တယ်။ လုံးဝပိတ်လိုက်တဲ့အနေအထား မျိုးတော့ မဟုတ်ပါဘူး။

ပြန်ကောင်း လာနိုင်ပါတယ်။ အခုလည်း ကျနော်တို့ ဒီဆောင်းပါးကို ဖတ်ပြီးစစ်နေပါတယ်” ဟု သူက မဇ္စျိမကိုပြောသည်။

အစိုးရသစ် သမ္မတဦးသိန်းစိန် ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်းနှင့် စာနယ်ဇင်းများမှတဆင့် ပြည်သူများ သိသင့်သည့် အချက်များကို အသိပေးသွားဖို့ လိုသလို  ထိုစာနယ်ဇင်းများ၏ အပြုသဘောဆောင်သည့်အကြံပြုချက်များ ကိုလည်း အလေးထားဖို့ လိုအပ်ကြောင်း ပြောဆိုထားသည်။

အလားတူ မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှုသည့် ခြေလှမ်းတရပ် အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ပြန်လည် စတင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်း အဝေးတွင် ပြောသွား သည်။ ထိုနေ့ လွှတ်တော် အစည်းအဝေးများတွင် သတင်းမီဒီယာများကို ပထမဆုံး အကြိမ် အဖြစ် စတင်သတင်းယူခွင့် ပြုခဲ့သည်။

ထိုကဲ့သို့ မီဒီယာများကို သတင်းယူခွင့် ပြုထားသော်လည်း ပြန်လည်ရေးသား ထုတ်ပြန်ရာတွင်အစိုးရသစ် ၏ မူဝါဒနှင့်ပတ်သက်သည့် ထောက်ပြချက်၊ ဝေဖန်ချက်များကို စာပေစိစစ်ရေးကဖြတ်တောက်ပစ် ခဲ့သည်ဟု လွှတ်တော်သတင်း သွားရောက်ယူခဲ့သည့် ပြည်တွင်း အပတ်စဉ် သတင်းထောက်များက မဇ္စျိမကိုပြောသည်။

Most read this week