လွှတ်တော်များ ပြည်သူ့အကျိုး မဖော်ဆောင်နိုင်သေးဟု FTUB ဝေဖန်

လွှတ်တော်များ ပြည်သူ့အကျိုး မဖော်ဆောင်နိုင်သေးဟု FTUB ဝေဖန်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ လွှတ်တော် အစည်း အဝေးတွင် တိုင်းပြည်အတွက် အရေးကြီးပြီး အများပြည်သူ သိရန်လိုသည့် အစိုးရ အသုံး စရိတ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များ မရှိသဖြင့် လူထု အကျိုးဖော် ဆောင်နိုင်မည့် လွှတ်တော်တရပ် မဟုတ်ကြောင်း ပြည်ပအခြေစိုက် အတိုက်အခံ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB ကဝေဖန်လိုက် သည်။

“ အစိုးရ အသုံးစရိတ်ဆိုတာက အင်မတန် အရေးကြီးပါတယ်၊ ဘယ်လိုကဏ္ဍတွေမှာ ချွတ်ချော်နေတယ် ဆိုတာကို လွှတ်တော်အတွင်း ပြောဆို ဆွေးနွေးတာ၊ မေးမြန်းတာတွေ မတွေ့ရဘူး၊ အဲဒါတွေကို ပွင့်ပွင့်လင်းလင်း မဆွေးနိုင်ဘူး ဆိုရင်တော့ ဒါဟာ ပြည်သူ့ရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆာင်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ပြောရမှာ” ဟု တွဲဘက်အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က ပြောသည်။
lotdaw99
သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော FTUB၏ ကြေငြာချက်တွင် လွှတ်တော်အတွင်းအစိုးရ ဘတ်ဂျတ်ကို တင်ပြရုံသက်သက် မဟုတ်ပဲ ဆွေးနွေးခြင်း၊ လိုအပ်သည်မျာ ပြန်လည် ပြင်ဆင်ခြင်းတို့ လုပ်ဆောင်ရန်နှင့် ကာကွယ်ရေး ကဏ္ဍတွင်အသုံးပြုသော ဘတ်ဂျတ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရန်လိုသည်ဟု ပါရှိသည်။

ဘတ်ဂျတ်လိုငွေ ကျပ် ဘီလီယံ ၂၂ဝဝ ကျော်ရှိကြောင်း ပြည့်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးကနိုင်ငံတော် ရသုံးမှန်းခြေကို  သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ သည့်အပေါ်  FTUB က ပြောဆိုခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂ဝ၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄ ဘီလီယံ ၊  သမ္မတ ဦးသိန်းစိန် မေလ ခရီစဉ်အတွင်း ဒေါ်လာ ရ၆၅ မီလီယံ ချေးငွေများ နှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုမှ  ဒေါ်လာ  ၂၀ ဘီလီယံ တို့ကို မည်သည့် နေရာတွင် သုံးစွဲခဲ့ကြောင်းလည်း  စာရင်းရှင်းလင်း ထုတ်ပြန်ရန် လိုအပ်သည်ဟု ဆိုသည်။

“ပြည်သူလူထု မသိစေချင်တဲ့ အကြောင်းတွေ ရှိနေတယ် ဆိုတာဟာ ပြည်သူလူထု အကျိုးစီးပွားနဲ့ မသက်ဆိုင်တာတွေမှာ သုံးစွဲထားတွေရှိနေလို့ ဘတ်ဂျတ် ကွာဟမှုတွေ၊ ငွေစားရင်းတွေကို အကျဉ်းချံုး တင်ပြနေတာလို့ ကျနော်တို့ ယူဆပါတယ်”ဟု ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။

၂ဝ၁ဝ - ၂ဝ၁၁ ခုနှစ် အစိုးရ၏ ရသုံးခန့်မှန်းခြေကို လက်ရှိ ဦးသိန်းစိန် အစိုးရက  လွှတ်တော်တွင် အစိုးရသစ် ဖွဲ့စည်းရေးအတွက် လုံးပန်းနေစဉ် မတ်လအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်က ကျန်းမာရေး ဝန်ကြီးဌာနအတွက် လိုအပ်ငွေ၏ ၄၃ ရာခိုင် နှုန်းသာ ရသဖြင့် အစိုးရ ဆေးရုံများတွင် ဆေးဝါး မလုံလောက်မှု ဖြစ်ပေါ်နေရကြောင်း သြဂုတ်လ ၂၃ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။ အသုံးစရိတ် လိုအပ်ငွေမှာ ကျပ်ငွေသန်း ၈,၀၀၀ ဖြစ်ကာ၊  ဌာနမှ ရငွေမှာ သန်း ၃,၅၀၀ သာ ရရှိသည်ဟု ဆိုသည်။

နောင်နှစ်မှစ၍ အစိုးရဘတ်ဂျတ်များနှင့် အသုံးစားရိတ်များကို လွှတ်တော် အစည်းအဝေးများတွင် အမတ်များမှ ဝင်ရောက်ဆွေးနွေးခွင့် ရနိုင်မည်ဟု မျှော်လင့်ကြောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ဦးကြည်မြင့်က ပြောသည်။

“စဆွဲကတည်းက ကျနော်တို့ ဆွေးနွေးခွင့် ရှိပါတယ်။ အစိုးရကိုယ်စား ဘဏ္ဍာအခွန်ကရေးပြီး ဥပဒေကြမ်း
ကော်မတီကို တင်ရမယ်။ အဲဒီမှာ ဝေဖန်ဆွေးနွေးခွင့် ရမှာပါ၊ အခုအချိန်က first term (ပထမသက်တမ်း) ပဲရှိသေးတော့ စောင့်ကြည့်နေတာပါ” ဟု  လွှတ်တော်အမတ် ဦးကြည်မြင့်က ပြောသည်။

လာမည့် အောက်တိုဘာလအတွင်း ၂ဝ၁၂-၂ဝ၁၃ အတွက် အစိုးရ အသုံးစရိတ် ဥပဒေကြမ်း ရေးဆွဲဖွယ် ရှိသည်ဟု သူက ခန့်မှန်းပြောဆိုသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် ၁ဝ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဘူး ဦးကြည်မြင့်က စီးပွားရေး နှိုးဆွ ငွေကြေးကြိုတင် သုံးစွဲသမျှ ဘတ်ဂျက် ကာလတခုအတွင်း ပြန်လည် ဖြည့်တင်း သွားရန် စောင့်ကြည့် ထိန်းကြောင်းအဖွဲ့အစည်းတရပ် ထူထောင် လုပ်ကိုင်ရန်အဆိုတင် သွင်းခဲ့ရာ  ကြံ့ခိုင်ရေးပါတီမှ အမတ် ၃ ဦးက ကန့်ကွက်ခဲ့သည်။

FTUB က အာဏာရ ကြံ့ခိုင်ရေးပါတီမှ ချေးငွေ ကျပ်သိန်းပေါင်း ၁ သိန်း ထုတ်ချေးခဲ့ရာတွင် မည်သည့် ငွေကြေး မည်သည့် အမိန့်ဖြင့် ဆောင်ရွက်ကြောင်းလည်း လွှတ်တော်အတွင်း ရှင်းသင့်သည်ဟု ဆိုသည်။ ထို့အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က စစ်တပ်အတွက် တပ်သားများ၏ နစ်နာမှုများ၊  စစ်မှုမထမ်းမနေရ ဥပဒေကိုလည်း လွှတ်တော်တွင်း တင်ပြဆွေးနွေးသင့်ကြောင်း ပြောဆိုထားသည်။