ချင်းမိုင် (မဇ္စျိမ) ။ ။မြေအောက်လှုပ်ရှားနေသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ဗကသ အဖွဲ့က အစိုးရကို စမ်းသပ်သော နိုင်ငံရေးလှုပ်ရှားမှု တခုကို မကြာမီ ရက်ပိုင်းအတွင်း လုပ်ဆောင်သွားမည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဝင်းအောင်က ပြောသည်။
ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့သည့် ၄ နှစ်ပြည့်မြောက် ဖြစ်သော သြဂုတ် ၂၈ ရက်နေ့က ဒီမိုကရေစီ လိုလားသော ကျောင်းသား တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၆၀ ကျော်တို့၏ တွေ့ဆုံ ဆွေးနွေးမှု တခုမှသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများ ပြုနေသော သမ္မတ ဦးသိန်းစိန်အစိုးရက မည်သို့တုံ့ပြန်မည်ကို သိရှိလိုသဖြင့်လုပ်ဆောင် ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သို့သော လုပ်ဆောင်မှုမျိုး ဖြစ်မှာလည်းဆိုခြင်းကို ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။
“ဒီလိုလှုပ်ရှားမှုကို အစိုးရက ဘယ်လိုတု့ံပြန်လာမလဲ၊ သွေးတိုး စမ်းကြည့်တာပေါ့။ အစိုးရက ဒါကို ဘယ်လို လုပ်လာနိုင်မလဲ။ အဲဒီလိုခေါင်းဆောင် နှစ်ယောက် ပြေလည်မှု သက်သက်လား၊အဖွဲ့အစည်း ရဲ့ပြေလည်မှု သက်သက်လား၊ ပြည်သူလူထုအပေါ် တကယ်အကျိုး သက်ရောက်မှုရှိတဲ့ အဆင့်လား ဆိုတာကို ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ အဖြေထုတ်တဲ့ ပွဲတပွဲလည်း ဖြစ်တယ်”ဟုကိုဟန်ဝင်းအောင် က ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို တရားဝင် အဖွဲ့အစည်း အဖြစ် ပြန်လည် ပေါ်ပေါက် လာအောင် ကျောင်းသားများက လိုလားလျက်ရှိနေသည်။
“ဗကသဆိုတာက သမိုင်းဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်ခဲ့တယ်။ လှုပ်ရှားဆောင်ရွက်မှုတွေကို လူထုကြား ထဲမှာ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ ကိုယ့်ရဲ့ တရားဝင်မှုကို ပီပီပြင်ပြင် ဆောင်ရွက်သွားဖို့ လုပ်ရှားမှုရဲ့ အစပါ။ တရားဝင်ပုံစံ မဟုတ်ဘဲ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ကျောင်းသားထုကြားထဲမှာ ပီပီပြင်ပြင် လုပ်ခြင်းအားဖြင့် မိမိရဲ့ အဆင့်နဲ့ နေရာကို ပြန်လည်ရယူတဲ့ပုံစံ သွားချင်တယ်”ဟု ကိုဟန်ဝင်းအောင်က ပြောသည်။
တနင်္ဂနွေနေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဂျပန်လမ်းမှတ်တိုင်ရှိ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်၏ နေအိမ်တွင် အာဏာပိုင်များထံမှ ခွင့်တောင်းခြင်း မရှိသော စုံစည်းမှု ပြုလုပ်ပြီး “ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးခွန်အား ဖြစ်စေမည့် လှုပ်ရှားမှု”ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကသူတို့၏ သားသမီးများအပေါ် ထားရှိသည့် သဘောထားနှင့် လက်ရှိ အခြေအနေများကို တဦးချင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
အင်္ဂလိပ် ကိုလိုနီလက်အောက်ဖြစ်ဆဲ မေလ ၈ ရက်နေ့၊ ၁၉၃၆ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် နိုင်ငံတဝန်း ကျောင်းသားထုအား ကိုယ်စားပြုမည့် ဗကသ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီးနောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ရရက်နေ့အရောက်တွင် တက္ကသိုလ်ကျောင်းသား၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကိုပစ်ခတ်နှိမ်နင်း ခဲ့ပြီး နောက်တနေ့ တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ သည်။
လက်ရှိ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးအစရှိသောကျောင်းသားခေါင်းဆောင် များ ဦးဆောင်မှုဖြင့် ၁၉၈၈ လူထုအုံကြွမှုအတွင်း ဗကသမှာ နိုးကြားတက်ကြွလာခဲ့သည်။ သို့သော် စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးနောက် ကျောင်းသားခေါင်းဆောင် အများအပြား ထောင်ကျသူကျ၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးသူများနှင့် တိမ်းရှောင်နေရသူများဖြစ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် မျိုးဆက်သစ် ကျောင်းသားများက ဗကသ ပြန်လည်ဖွဲ့စည်းခဲ့ရာ ကိုကျော်ကိုကို ပါဝင်ဦးဆောင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ကိုကျော်ကိုကို အဖမ်းခံရပြီး ဗကသကို တရားမဝင် ဖွဲ့စည်းမှု အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသည်။