လူ့အခွင့်အရေးရှေ့နေ လိုင်စင်သိမ်းခံရမှု ဥပဒေနှင့် မညီဟု ဆို

လူ့အခွင့်အရေးရှေ့နေ လိုင်စင်သိမ်းခံရမှု ဥပဒေနှင့် မညီဟု ဆို
by -
အားမီ

မကွေးတိုင်း မင်းဘူးမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်နေသော လူ့အခွင့်အရေးရှေ့နေဦးတင် အောင်ထွန်း အား ရှေ့နေလိုင်စင်ရုပ်သိမ်းလိုက် ခြင်းသည် တရားဥပဒေနှင့် မညီဟု ပြည်တွင်း ပြည်ပရှိ ဥပဒေပညာရှင်များက ပြောသည်။

ဦးတင်အောင်ထွန်း၏ ရှေ့နေလိုက်ခွင့် လိုင်စင်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ အမိန့်အမှတ် ၃၉ /၂၀၁၁ အရ (၉-၈-၂၀၁၁) ရက်စွဲဖြင့် ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရုပ်သိမ်းသည့်အကြောင်း ရင်းကို မသိရသေးဟု ဦးတင်အောင်ထွန်းက ယခုလို ပြောသည်။

“ဘာလို့ လိုင်စင်သိမ်းတယ်ဆိုတာတော့ မသိဘူး၊ သိတာကတော့ အထက်တန်း ရှေ့နေအဆင့်က နေ အလုပ်ထုတ်တယ်ဆိုပြီး ဖြုတ်လိုက်တာပဲ သိတယ်။ ဘာထုချေလွှာမှ တင်ခွင့်မရှိဘူး။”

ယခုနှစ် မတ်လအတွင်းက မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာမှ လယ်သိမ်းခံရသော လယ်သမား တချို့ ရိုက်နှက်ဖမ်းဆီးခံရပြီး  ထောင်ဒဏ် ၉ နှစ်ကျော် ချမှတ်ခံရသည့် အမှုကို ဦးတင်အောင်ထွန်းက ကူညီဆောင်ရွက်ပေးခဲ့သည်။

လယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူက ရှေ့နေတစ်ဦးကို လိုင်စင်သိမ်းမည် ဆိုပါက ရှေ့နေလိုက်သူများ အက်ဥပဒေအရ ၎င်းရှေ့နေအား ဆင့်ခေါ်၍ ထုချေဖြေ ရှင်းခွင့်ပေးရမည်ဖြစ်ပြီး နှစ်ဘက်ကြားနာမှု များလည်း ပြုလုပ်ရမည်ဟု ပြောသည်။ ယင်းကဲ့သို့ ဦးတင် အောင်ထွန်း၏ ရှေ့နေ လိုင်စင် ရုပ်သိမ်းခံရမှုကြောင့် လယ်သမားများ၊ အလုပ်သမားများ ၏ နစ်နာမှုများနှင့် အခွင့်အရေး ချိုးဖောက်ခံနေရမှုများအား တရားဝင် ပါဝင်ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

ဦးတင်အောင်ထွန်း၏ ရှေ့နေလိုက်ခွင့် လိုင်စင် ရုပ်သိမ်းခံရခြင်းသည် အာဏာပိုင်များက လူ့အခွင့်အရေး ရှေ့နေများအပေါ် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့မှ ဥပဒေပညာရှင် ရှေ့နေဦးအောင်သိန်း က ပြောဆိုသည်။

“လူ့အခွင့်အရေး ရှေ့နေဆိုတာက မြန်မာပြည်မှာက အရမ်းနည်းတယ်၊ အဲ့ဒါကို အခုလို လိုင်စင် သိမ်းတယ် ဆိုတာမျိုးက တရားမျှတမှုမရှိဘူး။ ရှေ့နေတွေကို မလုပ်ရဲအောင် ခြိမ်းခြောက်လိုက် တာပဲ။ အခုကရှေ့နေ အခွင့်ရေးသာမက လူ့အခွင့်အရေးပါ ချိုးဖောက်ခံနေရတာ။”

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံဦးမျိုးက လည်း ယခု လုပ်ရပ်မှာ ဥပဒေနှင့် မညီကြောင်း ဝေဖန် ထောက်ပြသည်။

“အခုလက်ရှိအစိုးရက ဒီလိုပိတ်ပင်လိုက်တာဟာ အခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ။ ဥပဒေကိုဆန့် ကျင်ပြီး တရားဥပဒေ စိုးမိုးမှုကို ဖောက်ဖျက်ကျူးလွန်နေတာပဲ။”

အစိုးရက လူ့အခွင့်အရေးရှေ့နေများအား အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်ပိတ်ပင်နေခြင်းသည်ရှေ့နေ များ၏ တာဝန်၊ အခွင့်အရေးနှင့် တရားစီရင်ရေး လွတ်လပ်ခွင့်တို့ကို ထိခိုက်နစ်နာ စေသည် ဟု ဦးမျိုးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမားများနှင့် အခြေခံလူတန်းစားများ၏ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများနှင့် ပတ်သက်သော အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ၁၄ ဦး ခန့်သာ ရှိကြောင်း ကိုဖိုးဖြူက ပြောသည်။

ရှေ့နေကိုဖိုးဖြူသည် မကွေးတိုင်း၊ နတ်မောက်မြို့မှ လယ်သိမ်းခံရပြီး တရားစွဲခံရသည့် လယ်သမားများကို ကူညီခဲ့ရာ ၂၀၀၉ ခုနှစ်က ဖမ်းဆီးထောင်ချ ခံခဲ့ရဖူးသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပတ်သက်၍ ရှေ့နေလိုင်စင်ဖျက်သိမ်းခံရသူ ဗဟိုတရားရုံးချုပ် ရှေ့နေ ၂၀ ကျော်ရှိပြီး ၎င်းတို့၏ လိုင်စင်များ ပြန်လည်ရရှိရေးအတွက် ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်နှင့်ရှေ့နေ များကောင်စီအထိ တင်ပြတောင်းခံ သွားမည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ဖျက်သိမ်းခံရသော လိုင်စင်များပြန်လည်ရရှိရေးနှင့် ပတ်သက်ပြီး ရှေ့နေများကွန်ရက် က ယခုလအတွင်း သတင်းစာရှင်းလင်းပွဲ   ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week