ရိုင်မရော့ – တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ များ ကိုင်တွယ်ဖြေရှင်းမည်ဟု ယူဆရသည့် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီများတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါ၀င်စေချင်သည်ဟုတိုင်းရင်းသားနိုင်ငံရေးပါတီများ က ပြောသည်။
ယင်းကော်မတီများကို လက်ရှိ ကျင်းပနေသော လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးတွင် တပြိုင်တည်း သြဂုတ်လ ၂၂ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးစံထွန်းအားလည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းဇော်အားလည်းကောင်း ရွေးချယ်ခဲ့သည်။ နှစ်ဦးစလုံးကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီမှ ဖြစ်ပြီး ကချင်ပြည်နယ်မှ ရွေးကောက်တင်မြောက် ခံရသူများ ဖြစ်သည်။
ကော်မတီဥက္ကဌများ ကြေငြာပြီးသော်လည်း အဖွဲ့ဝင်များ အဖြစ် တိုင်းရင်းသားကိုယ်စားလှယ်များပါ၀င်စေ ချင် သည်ဟု တိုင်းရင်းသားနိုင်ငံရေး ပါတီများက လိုလားနေကြသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “ငြိမ်းချမ်းရေးကော်မတီအဖွဲ့မှာတိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေ ပါဝင်စေချင်တယ်၊ အဲဒါမှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကော်မတီဆိုတာ ဖြစ်လာမယ် အစိုးရက ဖွဲ့ပြီး အစိုးရက လူတွေပဲ ပါတယ်ဆိုတာ မဖြစ်စေချင်ဘူး” ဟု ပြောသည်။
လက်ရှိဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီများတွင် ဥက္ကဌကိုသာ ရွေးချယ်ထားပြီး အဖွဲ့ဝင်များကို မရွေးချယ်ရသေးကြောင်း ချင်းအမျိူးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးငွန်မောင်းကပြောသည်။
ပြည်သူ့လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်သည် စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပြီး ယခင် အစိုးရလက်ထက်က ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ် သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရစစ်တပ်အကြား ဇွန်လမှ စတင် ဖြစ်ပွားလျက်ရှိ သည့် တိုက်ပွဲများ ရပ်စဲရန် ပါ၀င် ဆောင်ရွက်နေသူလည်း ဖြစ်သည်။
သြဂုတ်လ ၁၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရမှဖိတ်ခေါ် ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ လွှတ်တော်ငြိမ်းချမ်းရေးကော်မတီများကို ဖွဲ့စည်းလာခြင်း ဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအပါအဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီကလည်း အစိုးရအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် မကြာသေးခင်က တင်ပြခဲ့သည်။
ယမန်နေ့က အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီအသစ် (၈) ခု တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွှတ်တော်တွင်မူ ကော်မတီ ၁၈ ရပ်ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။