KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ

KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ
by -
ဇော်ကြီး

ကချင်ပြည်နယ် ပူတာအိုခရိုင်ခေါင်လန်းဖူးမြို့ နယ် ခရန်ထီဒမ်း ကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်း အပါအဝင် အိမ်ခြေ (၃၂) လုံးတို့အားကချင်ပြည်လွတ် မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း KIO အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က “အဲတာကတော့ ကျနော်တို့လည်း စုံစမ်းပါဦးမယ်။ စုံစမ်းပြီးမှပဲ အဲလိုမျိုး ရွာသားတွေ ပိုင်ဆိုင်တဲ့ဟာကို ဖျက်လို ဖျက်ဆီး လုပ်ခဲ့တာ တကယ်လို့များ ကျနော်တို့အဖွဲ့ထဲမှာ ရှိနေရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ လိုအပ်သလို အရေးယူတာ တော့ ရှိမှာပဲ။” ဟု ပြောသည်။

ယခုလ (၁၃) ရက်နှင့် (၁၉) ရက်နေ့တို့က မီးရှို့ခဲ့ခြင်း ဖြစ်၍ ရွာသူ၊ ရွာသား (၆၆) ဦးအနေနှင့် လဂျာ ကျေးရွာသို့ထွက်ပြေး ခိုလှုံနေရကြောင်း သတင်းစာက ဆက်လက်ဖော်ပြသည်။

ထို့အပြင် ယခုလ (၂၀)ရက်နေ့ ညနေ လေးနာရီ အချိန်က ဗုံး (၉) လုံး ပေါက်ကွဲမှုကြောင့်  မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာရှိ မလိချောင်း ကြိုးတံတား ပျက်စီးသွားသည်ဟု သတင်းစာက ဖော်ပြသည်။

တချိန်တည်းတွင် ယခုလ (၁၉)ရက်နေ့က ပြည်နယ်တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်ထံမှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်သည့် စာတစ်စောင် ပေးပို့ခဲ့သည်။

ယင်းစာတွင် နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီး နိုင်ငံရေး နည်းလမ်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အကြောင်းကြား ခြင်း ဟု ပါရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ကြားစာ တစ်စောင်ကို KIO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ယနေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပေးပို့လိုက်သည်။

KIO ၏ ပြန်ကြားစာ၌ သြဂုတ်လ(၁၇) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများ နှင့် (၁၂) ရက်နေ့က ပြုလုပ်သည့်  အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲများအပေါ် သုံးသပ်ကြည့်ရာ KIO အားသောင်း ကျန်းသူအဖွဲ့ အနေဖြင့်သာ သတ်မှတ်ထားသည့်အပြင် လုပ်ငန်းစဉ်များ အားလုံးကိုငြိမ်းချမ်းရေး လမ်းစဉ်ဖြင့် ဆောင်ရွက်ရန်ဟု တဖက်က ဆိုသော်လည်း လက်နက်ချရေးမူသာ ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အစိုးရကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အပေါ် အစိုးရက သောင်းကျန်းမှု  ပြဿနာအဖြစ် ရှုမြင်ပါက စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်လာမည် မဟုတ်ဟု KIO အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ယခုလိုပြောသည်။

“KIO အဖွဲ့အစည်းဟာ သောင်းကျန်းသူ အဖျက်အမှောက်လုပ်ငန်းဘဲ တစိုက်မတ်မတ် လုပ်နေတဲ့ အဖွဲ့ အစည်းဖြစ်တယ်ဆိုတဲ့ဟာကို သူတို့က ရုပ်လုံးဖော်ပြီးမှ အားလုံးက အဲလို ထင်မြင်ချက် ပေးလာတဲ့ အခါမှာ သူတို့အနေနဲ့ ချေမှုန်းရေး တိုက်ပွဲကို ဆင်နွဲဖို့ လမ်းစရှာတယ်လို့ဘဲ သုံးသပ်တယ်လေ။”

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အမှတ် ၁/၂၀၁၁ ကို သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစိုးရအဆက်ဆက်က ပြုလုပ်မြဲဖြစ်သည့် တိုင်းရင်းသား တပ်ဖွဲ့များအား ဖဲ့ထုတ် စည်းရုံးသည့် လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်၍ KIO အနေနှင့် လက်မခံနိုင် ကြောင်းနှင့် အကယ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဆိုပါက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာ ဆွေးနွေးရန် ရှိသည်ဟု ဦးလနန် က ပြောသည်။

သို့သော် ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် KIO အဖွဲ့တို့အကြား ဆွေးနွေးနေ မှုများကိုမူ ဆက်လက် ဆောင်ရွက် သွားရန်ရှိသည်ဟု “ကျနော်တို့ကတော့ နှစ်ဖက် ညှိနှိုင်းရေး လုပ်ငန်းကို ပျက်သွားပြီ ဆိုတဲ့ဟာမျိုးတော့ မဟုတ်ဖူး။ သူတို့ညှိမယ်ဆိုရင်တော့ ဆက်ပြီးတော့ညှိနေကြမယ်။ ညှိနေရင်းနဲ့ဘဲ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလိုချင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်လာအောင် ကျနော်တို့ တွန်းအား ပေးသွားမယ်။” ဟု ဦးလနန်က ပြောသည်။

KIO နှင့် အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ဖိအားပေးလာချိန်မှစ၍ နှစ်ဖက်အခြေအနေ တင်းမာလာရာမှ ယခုနှစ် ဇွန်လ(၉) ရက်နေ့မှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week