သမ္မတဦးသိန်းစိန်နှင့် ဒေါ်စုတွေ့သည့် သတင်း နိုင်ငံပိုင်ရုပ်မြင်တွင် ဖော်ပြ

သမ္မတဦးသိန်းစိန်နှင့် ဒေါ်စုတွေ့သည့် သတင်း နိုင်ငံပိုင်ရုပ်မြင်တွင် ဖော်ပြ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်သည် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုနေပြည်တော်ရှိ သမ္မတ အိမ်တော်၏ ရုံးခန်းတွင် သောကြာနေ့ ညနေက တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။

dsandts1

မြန်မာ့ရုပ်မြင်သံကြား ကြေညာချက်တွင် “ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူများရဲ့အကျိုးစီးပွား အတွက် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်နှီး ပွင့်လင်းစွာရှင်းလင်းပြော ကြား ပါတယ်။” ဟု ည ၈ နာရီသတင်းတွင် ဖော်ပြသည်။

“ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့်ဘုံအကျိုးစီးပွားများမှပူးပေါင်းဆောင် ရွက် မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်နှင့် တွေ့ဆုံသော်လည်း သူ့အား ဖိတ်ကြားထားသည့် နိုင်ငံတော် အဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ မတက်ရောက်သော်လည်းနေပြည်တော် တွင်သောကြာနေ့တွင် ညအိပ်နားမှာ ဖြစ်သည်။

သူနှင့်အတူ  ဒေါ်စုစုလွင်နှင့် ဦးခွန်သာမြင့်တို့သာ လိုက်ပါသွားသည်ဟု သူ့ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကပြောသည်။

ဦးသိန်းစိန်မှာ အစောပိုင်းက မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့လည်း တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သေးသည်။

စီးပွားရေး ပညာရှင်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လွှတ်တော် အဖွဲ့အစည်း၄ ခုမှ ကိုယ်စားလှယ်များ၊ စာနယ်ဇင်းသမားများ၊ ဝန်ကြီးများ တက်ရောက် နားထောင်ကြသည့် ဆွေးနွေးပွဲတွင် ဦးသိန်းစိန်က စီးပွားရေး တိုးတက်စေရန် ငွေကြေး မူဝါဒနှင့် ကုန်သွယ်ရေး မူဝါဒများကို ပြုပြင် ပြောင်းလဲရမည်ဟု သမ္မတက ပြောကြားသွားခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

Most read this week