သမ္မတထံ ပေးပို့သည့်စာများအပေါ် သံသယရှိကြောင်း KIO ကပြော

သမ္မတထံ ပေးပို့သည့်စာများအပေါ် သံသယရှိကြောင်း KIO ကပြော
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ များ ရပ်ဆိုင်းရန်နှင့် နှစ်ဖက် ငြိမ်းချမ်းရေး တည် ဆောက်ကြရန် ဒေသတွင်းပြည်သူများထံမှ နိုင်ငံတော် သမ္မတနှင့် KIO အဖွဲ့ထံလိပ်မူ ပေးပို့ သည့် စာများသည် အစိုးရ၏ တိုက်တွန်းချက်များ ပါ၀င်သည်ဟု သံသယရှိကြောင်း KIOကပြော သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လီဆူ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ လက်မှတ်ရေးထိုးထားသည့် ဒေသတွင်း ငြိမ်းချမ်းရေး တိုက်တွန်းစာ တစောင်အား ၂၀၁၁ ခုနှစ် သြဂုတ်လ(၅) ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ ပေးပို့ခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ပါရှိသည်။

ထို့အတူ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီနှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုကိုယ်စားလှယ် များ ကလည်း အလားတူ ပေးစာမျိုး ပေးပို့ထားသည်ကို အစိုးရပိုင် သတင်းစာများတွင် ယခု ရက်ပိုင်း အတွင်း ဆက်တိုက်ဆိုသလို ဖော်ပြခဲ့သည်။

ယင်းပေးစာများ၌ တိုင်းရင်းသားများ၏ ဆန္ဒအမှန်ကို ရေးသားဖော်ပြခွင့်မရဘဲ ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO အား အပြစ်ဖို့၍ ရေးသားထားချက်များသာ အားသာနေသည့်အတွက် ယင်းကိစ္စ အစိုးရက တမင် ဖန်တီးလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

“တချို့အဖွဲ့အစည်းကလူတွေ ကျနော်တို့ဖက်ကို လှမ်းပြီးတော့ အကြောင်းကြားတာကတော့ ကျနော်တို့ ကတော့ အဲလို ရေးဖို့ သဘော ဆန္ဒတော့ မရှိဘူး။ ဒါပေမယ့် သက်ဆိုင်ရာ အစိုးရကနေပြီးတော့ရေးကြ ပါဆိုပြီးတော့ တိုက်တွန်းချက်အရ ရေးရတယ် ဆိုတဲ့ ဟာမျိုးပေ့ါနော်။ တချို့ဆိုရင်သူတို့စာရေးပြီး သားကို တခါတည်းယူလာပြီးတော့ အဲ့ဒီမှာ လက်မှတ်ထိုးခိုင်းတာမျိုးလည်း ရှိတယ် ခင်ဗျ။”

ထို့အပြင် KIO သည် ကချင်ပြည်နယ်လူထုအား ကိုယ်စားပြုထားသည့် အဖွဲ့မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့မှုသည် လူထုနှင့် KIO အဖွဲ့အား ဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ် ခြင်း ကြေငြာချက် အမှတ် ၁/၂၀၁၁ ကို သြဂုတ်လ(၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ကြေငြာချက်ပါ အချက်(၃) ချက်အရ လက်နက်ကိုင်အင်အားစုများနှင့် အစိုးရတို့အကြား လက်ရှိဖြစ်ပွား နေသည့် ပြဿနာများ ပြေငြိမ်းရန် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် နိုင်ငံတကာတွင် မျက်နှာပန်း လှစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

ထို့အပြင် တို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဆွေးနွေးမှုမျိုး ထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဦးတည်သွားသင့်ကြောင်း “တကယ်လို့များ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပေါ်လာတဲ့ အခါမှာ ကျနော်တို့ကတော့ KIO အဖွဲ့အနေနဲ့ သီးခြားဆွေးနွေးတာ မျိုး မရှိဘဲနဲ့ အားလုံးပါ၀င်တဲ့ ကိုယ်စားပြုတဲ့ UNFC ကဘဲ ပြောဆိုသွားဖို့ ကျနော်တို့ ကတိပေးထားသလို ပြည်နယ် ညှိနှိုင်းရေး အဖွဲ့ကိုလည်း အသိပေးပြောထားပြီး ဖြစ်တယ်ခင်ဗျ။” ဟု ဆက်လက် ပြောဆိုသည်။

KIO နှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ နှစ်ဖက်ကိုယ်စားလှယ်များ စတင်ဆွေးနွေး စဉ် တဖက်၌ ငြိမ်းချမ်းရေးစကားကိုပြောဆိုနေသော်လည်း အခြားတဖက်တွင်မူ ကချင်ပြည်နယ်အတွင်း KIO အဖွဲ့အား ပုတ်ခတ်ပြောဆိုသည့်စာများ ရေးသားဖြန့်ဝေနေသည်ဟု ကြားသိရ ကြောင်းနှင့်ယင်းလုပ်ရပ်များ သည် အကောင်းဖက်သို့ ဦးတည်သွားမည် မဟုတ်ကြောင်းလည်း ဦးလနန်က ပြောသည်။

KIO နှင့် အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ဖိအားပေးလာချိန်မှစ၍ နှစ်ဖက် အခြေအနေ တင်းမာ လာရာမှ ယခုနှစ် ဇွန်လ(၉) ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week