သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည် တွေ့ဆုံ
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်နှင့်အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သည်နေပြည်တော် တွင် ပထမဆုံးအကြိမ် အဖြစ် သောကြာနေ့က တွေ့ဆုံခဲ့ကြောင်း ရ ရက်သတင်း ဂျာနယ်တွင်ဖေါ်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ သောကြာနေ့ နေ့လည် ၁ နာရီတွင် တွေ့ဆုံကြောင်း နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူ တဦးက မဇ္ဈိမ၏ မေးမြန်းချက်ကို အတည်ပြု ဖြေကြားသည်။

နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို နေ့လည် ၁ နာရီတွင် စတင်ရန် ရှိသော်လည်း သမ္မတနှင့် ဒေါ်စုတို့ တွေ့ဆုံနေမှုကြောင့် အစီအစဉ်မှာ တနာရီခန့်နောက်ကျ ခဲ့ရသည်ဟုလည်း ရ ရက် သတင်းဂျာနယ်က ဆိုသည်။

သုံးရက်ကြာ ကျင်းပမည့် အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သည် တရားဝင် ဖိတ်ကြားခံရကာ၊ ဆွေးနွေးပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ ဆွေးနွေးပွဲသို့ အစိုးရ အဆင့်မြင့် အရာရှိကြီးများ၊ ရွေးကောက်ပွဲဝင် ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် ဆွေးနွေးပွဲသို့ သောကြာနေ့လည်အထိ ရောက်ရှိလာခြင်း မရှိသေးဟု ရ ရက်သတင်း ဂျာနယ်က ဆိုသည်။

အစိုးရ၏ အထူးအစီအစဉ်ဖြင့် ရဲမှူးကြီး ဝင်းနိုင်ထွန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို သူ၏နေအိမ်မှ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်သို့ သွားရောက်ရန် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တွေ့ဆုံမှု အပြီး အစိုးရနှင့် ဒေါ်စုတို့အကြား ဆက်ဆံရေး တိုးတက်လာခြင်းလည်း ဖြစ်သည်။