နို်င်ငံရေးပါတီများ၏ လှုပ်ရှားမှုကို အမေရိကန်က အလေးထားစေရေး ဒီမိုကရေစီမိတ်ဆွေ ပါတီများတိုက်တွန်း

နို်င်ငံရေးပါတီများ၏ လှုပ်ရှားမှုကို အမေရိကန်က အလေးထားစေရေး ဒီမိုကရေစီမိတ်ဆွေ ပါတီများတိုက်တွန်း
by -
ခိုနူမ်ထုန် သတင်းဌာန

အမေရိကန်အစိုးရအနေနှင့်မြန်မာ့အရေးဆောင်ရွက် ရာတွင်၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသော နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို လည်းအသိအမှတ်ပြု အလေးထားစေလိုကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီ များက မနေ့ကပြောဆို လိုက်သည်။

အမေရိကန် အထက်လွတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၏အကြံပေးအဖွဲ့သည် မနေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီးနိုင်ငံရေးပါတီ ၁၀ပါတီနှင့်တွေ့ဆုံချိန်တွင် ဒီမိုကရေစီမိတ်ဆွေ ပါတီများက ယခုကဲ့သို့ပြောဆို လိုက်ခြင်း ဖြစ် သည် ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး(၁)ကိုငယ်ပီး ကပြောသည်။

‘‘အမေရိကန်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် လူပုဂ္ဂိုလ်တဦးတယောက်ဒါမှမဟုတ်ပါတီတခု တည်းရဲ့ အသံကိုပဲ နားထောင် တယ်၊ အခုအချိန်မှာပြည်သူတွေနဲ့ တသားတည်း ကျတဲ့နိုင်ငံရေးပါတီ တွေပေါ်လာပြီ၊ ပြည်သူတွေရဲ့လိုအပ်ချက် တွေကိုတာဝန်ယူနိုင်မယ့်နိုင်ငံရေးပါတီတွေပေါ် လာပါပြီ၊ ဒါကြောင့် ကျနော်တို့ရဲ့ ဖြစ်တည်မှု၊ ကျနော်တို့ ရဲ့ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပေးပါဆိုပြီးဂျွန်ကယ် ရီကို စကားပါးလိုက်တယ်’’ဟု ကိုငယ်ပီးကပြောသည်။

အမေရိကန်အစိုးရအနေဖြင့် တခြားနိုင်ငံရေးပါတီများကိုလည်းအသိအမှတ်ပြုခြင်းကြောင့်ယခုကဲ့သို့လာ ရောက် တွေ့ ဆုံခြင်းဖြစ်ကြောင်းဂျွန်ကယ်ရီ၏အကြံပေး အဖွဲ့က ပြန်လည်ပြောဆို သည်ဟုလည်း ၎င်းက ပြောပြသည်။

ဂျွန်ကယ်ရီ၏ အကြံပေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပါ၀င်ခဲ့သော ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဌ ဦးသုဝေကလည်းရွေးကောက်ပွဲဝင် ပါတီများကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှကိုယ်စားလှယ်များ ယခုကဲ့သို့ မကြာခဏလာ ရောက်တွေ့ဆုံခဲ့ကြ သော် လည်းအချက်အလက်များသာ မေးမြန်းယူသွားကြပြီးတုံ့ပြန်မှုတစုံတရာမရှိ ကြောင်းပြောဆိုသည်။

ရန်ကုန်မြို့အမေရိကန်သံရုံးတွင်ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲ၌ဒီမိုကရေစီမိတ်ဆွေပါတီများတွင်ပါ၀င်သော အမျိုးသား ဒီမို ကရေစီ အင်အားစု၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနှင့် ကရင်၊ မွန်၊ ချင်း၊ ရခိုင်ပါတီများအပြင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(တစည)လည်း ပါ၀င်သည်ဟုသိရသည်။

ဂျွန်ကယ်ရီ၏ အကြံပေးအဖွဲ့ မြန်မာနိုင်ငံသို့အဓိကလာရောက်ရခြင်းအကြောင်းမှာ နိုင်ငံရေးပါတီများ လက်ရှိကြံု တွေ့နေသောအခြေအနေများကို လာရောက်မေးမြန်းခြင်းသာဖြစ်သည်ဟု ကိုငယ်ပီးက ဆက်ပြောသည်။

‘‘အဓိကတော့ ဂျွန်ကယ်ရီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပေါ်လစီမှာစိုးရိမ်မှုရှိတယ်၊ အဲဒီအတွက်ခင်ဗျား တို့ရဲ့ နိုင်ငံရေး လုပ် ပိုင်ခွင့်တွေဘယ်လောက်ရှိနိုင်သလဲ၊ နိုင်ငံရေးပါတီများရဲ့စွမ်းဆောင်ရည်တွေဘယ်လို ရှိသလဲ ဆိုတာ စနည်းနာချင်လို့ ပါဆိုပြီးပြောခဲ့ တယ်’’ဟု၎င်းကဆက်ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများက ၄င်းတို့၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီးပြုစုထားသောစာတမ်း တစောင်ကို အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပေးပို့ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် လူ့အခွင့်အရေးချိူးဖောက်မှုများကိုကျူးလွန်နေသောကြောင့်အမေရိ ကန်အစိုးရက ၁၉၉၇ ခုနှစ်ကတည်းက စတင်ပြီးမြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုမူကို စတင်ကျင့်သုံးခဲ့သည်။

ယခုနှစ် မေလက မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကိုအိုဘားမား အစိုးရက တစ်နှစ် ထပ်မံ သက်တမ်း တိုးလိုက်သည်။ယင်း ပိတ်ဆို့ ဒဏ်ခတ်မှုကို အမေရိကန်အစိုးရအနေဖြင့် ပြန်လည် ရုပ်သိမ်းပေးရန်၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသောနိုင်ငံရေးပါတီ ၁၁ ပါတီက တောင်းဆိုခဲ့ဖူးသည်။

Most read this week