ချင်းမိုင် (မဇ္စျိမ) ။ ။မြန်မာ အစိုးရသစ်ကတရားမ ဝင်ဟု ဆိုနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကပါတီ ရပ်တည်ရေးနှင့် ပါတီအပေါ်လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများကို ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တိုင်တန်းရန်ပြင်ဆင် နေမှုများ ကြန့်ကြာနေသည်။
မူလက သြဂုတ်လ ပထမပတ်ထဲတွင် တိုင်တန်းရန် ပြင်ဆင်ထားသော်လည်း စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂ဝကျော် NLD ဖြတ်သန်းလာရသည့် အခြေအနေများကို အသေးစိတ် ပြုစုနေသဖြင့် ခန့်မှန်းသည်ထက် ပိုကြာနေရခြင်း ဖြစ်ကြောင်း ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရသော်လည်း အာဏာ လွှဲပြောင်းပေး အပ်ခြင်း မခံရသည့် NLD ပါတီ၏ ဥပဒေ ရေးရာ အကြံပေး တဦးဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောသည်။
“နှစ် ၂ဝ ကျော် ကျနော်တို့ ပါတီအပေါ်မှာ ဖိနှိပ်ခဲ့တဲ့ဟာတွေကို စေ့စေ့စပ်စပ် အကုန်ရေးနေရတာကြောင့် ကြာနေတာပါ” ဟု ဦးဉာဏ်ဝင်း က မဇ္စျိမကိုပြောသည်။
တိုင်တန်းမှု မလုပ်ဖြစ်ခြင်းသည် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ အကြားတွေ့ဆုံဆွေးနွေးမှုများနှင့် မသက်ဆိုင်ကြောင်း ၎င်းက တဆက်တည်း ငြင်းဆိုသွားသည်။
ယခင် နအဖ စစ်အစိုးရ လက်ထက်နှင့် အစိုးရသစ် ပေါ်ပေါက်လာသည့် ကာလအတွင်း ပါတီရပ်တည်ခွင့် ရရန် တရားဝင် ဥပဒေ လမ်းကြောင်းမှ အကြိမ်ကြိမ် ကြိုးစားခဲ့မှုများကို ပယ်ချခံခဲ့ရသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ဥပဒေရေးရာ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်သည့် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့ ဆွေးနွေးခဲ့ကြပြီး လူ့အခွင့် အရေး ကောင်စီထံ တိုင်ကြားရင်ပြင်ဆင် နေကြခြင်းဖြစ်သည်။
တိုင်တန်းရန် အချက်များကို ဥပဒေ အကြောင်းအရ စိစစ်မှုများ ပြုလုပ်နေလျက်ရှိပြီး မကြာမီ တိုင်တန်း နိုင်တော့မှာဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့်ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားနှင့်တွေ့ဆုံသည့်အခါ တွင်လည်း ယင်းကိစ္စကိုဆွေးနွေးသွားမည်ဟုလည်း ဦးဉာဏ်ဝင်း က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီက စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈အခြေခံ ဥပဒေ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများကို မျှတမှု မရှိဟု ဆိုကာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေခဲ့သည်။
ပါတီမှတ်ပုံခြင်း မပြုသဖြင့် ပါတီ၏ တရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင်ရပ်တည် ရှိခွင့်ရှိကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့် လျှောက်ထား ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် ယခုကဲ့သို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအား တင်ပြရခြင်းဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ဥပဒေများနှင့် အညီ တိုင်တန်းသွားမှာဖြစ်ပြီး ကုလသမဂ္ဂ၏ အခွင့် အာဏာဖြင့် ကြားဝင် ဖြေရှင်းပေးမည်ကို မမျှော်လင့်ပဲ အမှန်တရားကို ဖေါ်ထုတ်နိုင်ရန်သာ ကြိုးစားနေခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ တရားဥပဒေအရ ဘယ်လောက်မှန်တယ်။ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ကိုက်ညှိပြီးတော့ ဆုံးဖြတ်တာမျိုး ကျနော်တို့ မျှော်လင့်တာပေါ့။ အခွင့်အာဏာဆိုတာကတော့ နိုင်ငံတကာ ဥပဒေအတိုင်းပါပဲ။ မှားတယ်မှန်တယ် အကျိုး အကြောင်းနဲ့ ပြောမယ်။ Enforce လုပ်ဖို့ကတော့ ကုလသမဂ္ဂရော ဘယ်မှာမှ အာဏာမရှိပါဘူး။ ကျနော်တို့က အမှန်ကိုဖေါ်ထုတ်ဖို့ အဓိကကြိုးစားနေတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
၁၉၈၈ စစ်တပ်မှ အာဏာသိမ်းပြီး ၁၉၉ဝတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာတွင် NLD ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ သို့သော် ထိုစဉ်က စစ်အစိုးရက အာဏာလွှဲပြောင်း မပေးပဲ စစ်အစိုးရနှင့် NLD နိုင်ငံရေးအရ ထိပ်တိုက်တွေ့ခဲ့ရာ NLD ပါတီဝင်များနှင့် ထောက်ခံလှုပ်ရှားသူများ အဖမ်းခံခဲ့ကြရသည်။
ယင်းကာလ မှ ယနေ့ အစိုးရသစ် ပေါ်ထွန်းချိန်အထိ မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော်ရှိပြီး ထိုအထဲတွင် NLD အဖွဲ့ဝင် ၆ဝဝ ကျော်ပါဝင်ကြောင်း ဦးဉာဏ်ဝင်းကပြောသည်။