ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော

ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည်လက်ခံ မည် ဖြစ်ကြောင်းနှင့် တောတွင်းလက်နက် ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတဦးသိန်းစိန် က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်းလိုက်သည်။

thein-sein-august-17နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေ သူများကိုပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွ့ံဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။

ပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ်များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်း  အောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက
ပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့အနာဂတ် မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

Most read this week