အမျိုးသားဆင့် အကောင်းဆုံးသတင်းဆု ပထမဆုံးပေးမည်

အမျိုးသားဆင့် အကောင်းဆုံးသတင်းဆု ပထမဆုံးပေးမည်
by -
ဇွဲခန့်

နယူးဒေလီ (မဇ္စျိမ) ။         ။ အမျိုးသားအဆင့် အကောင်းဆုံးသတင်းဆု (NationalPress Award ) ကို  ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှကမကထပြု လုပ်ပြီးဝါရင့် သတင်းစာ ဆရာကြီးများနှင့် တသီး ပုဂ္ဂလ စာနယ်ဇင်း သမားများမှဝိုင်းဝန်းစုပေါင်းကာ ဆု ရွေးချယ်ရေး ကော်မတီ တရပ်ပြု လုပ်ပြီး ၂ဝ၁၁ ခုနှစ်မှ စတင်ပေးသွားမည် ဖြစ်သည်။

ဆုရွေးချယ်ရေး ကော်မတီ ဖြစ်မြောက်ရေးအတွက် သြဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီတွင် စာပေနှင့် စာနယ်ဇင်းရုံး အစည်းအဝေး ခန်းမ၌ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များနှင့် ဝါရင့် သတင်းစာ ဆရာများ ပါဝင်သည့် ဆွေးနွေးပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဂျာနယ်လစ်တွေနဲ့ပတ်သတ်တဲ့ဆုကို တခါမှ မပေးဖူးဘူး။ အခု အစိုးရ လက်ထက် ထိပေါ့။ အဲဒီတော့ အခုပေးမယ်။ ပေးတဲ့ အခါမှာလဲ စာပေနဲ့ စာနယ်ဇင်းကနေပြီး ပေးတာမျိုး မဟုတ်ဘဲနဲ့ အားလုံးနဲ့ ချိတ်ဆက်ပြီး သတင်းစာဆရာကြီးတွေပါ အကုန်လုံးပါဝင်ပြီးတော့ဒီလောကသားတွေ အကုန်လုံးကနေ အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ကနေပေးတဲ့ ဆုမျိုးပဲဖြစ်မယ်”ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း မှ အတွင်းရေးမှူး ဦးကိုကိုက မဇ္စျိမကိုပြောသည်။

ဆုရွေးချယ်ရေး ကော်မတီဖြစ်မြောက်ရေးအတွက် ဆရာမောင်ဝံသ၊ ဆရာကြီး ဖိုးသောကြာ၊ ဆရာလူထု ဦးစိန်ဝင်း၊ ဆရာ ဦးမိုးသူ၊ ဆရာ ဦးကိုကိုကြီး( ကြေးမုံသတင်းစာတိုက်)၊ ဆရာ ဦးမြင့်သိန်းဖေ (ဓါတ်ပုံ ပညာရှင်) စသည့် အထင်ကရ သတင်းစာဆရာကြီးများကိုလည်း ဖိတ်ကြားထားပြီးနောက် ကျန်နေသေး သည့် ဝါရင့်သတင်းစာ ဆရာကြီးများနှင့် ဂျာနယ်လစ် ပုဂ္ဂိုလ်များကို ဖိတ်ကြားသွားဦးမည်ဟုလည်း သူကဆိုသည်။

ပါလီမန်ခေတ် နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်ခေတ်မှသည် ယနေ့အချိန်ထိ အဆိုပါ ဆုမျိုးကို
မြန်မာနိုင်ငံတွင် ပေးခဲ့ခြင်း မရှိခဲ့ပေ။ လက်ရှိ အစိုးရသစ် လက်ထက်တွင် မီဒီယာ အခန်းကဏ္ဍများနှင့် ပတ်သက်၍ အလေးထားရမည်ဟု သမ္မတ ဦးသိန်းစိန်မှ ပြောဆိုလာခဲ့သည့် နောက်ပိုင်းသတင်းမီဒီယာများ ၏ အခန်းကဏ္ဍသည် လည်း အရေးပါ ဦးမော့လာခဲ့သည်။

"စတုတ္ထမဏ္ဍိုင်ကို အလေးထားမယ်ဆိုတဲ့ အစိုးရသစ်လက်ထက်မှာ အခုလို သတင်းမီဒီယာ ဖွ့ံဖြိုးရေး လုပ်တဲ့ အတွက်ကြောင့် အစိုးရအနေနဲ့ဒီကိစ္စအပေါ်မှာ ကန့်ကွက်ရန်မရှိဘူးလို့ ထင်ပါတယ်” ဟု ဦးကိုကိုမှ ပြောသည်။

သူကဆက်၍ “National Press Award ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့်ပေါ့။ အဲဒီလိုဖြစ်အောင် အဲဒီဟာနဲ့ထိုက်တန်တဲ့ ဆုတွေဖြစ်အောင်လို့တော့ ဆရာတို့အတတ်နိုင်ဆုံးကြိုးစားသွား မယ်” ဟုလည်းဆိုသည်။

ယခုကဲ့သို့ ဆုရွေးချယ်ရေး ကော်မတီဖြစ်မြောက်ရေးအတွက် ဝါရင့်သတင်းစာဆရာကြီးများ အပြင်ဂျာနယ် ကိုယ်စားပြုကော်မတီ(CPC) မှ အဖွဲ့ဝင်များ၊ လွတ်လပ်သော ပြည်တွင်း၊ ပြည်ပသတင်းစာ ဆရာကြီးများနှင့် မီဒီယာတိုက်၊ ဂျာနယ်တိုက်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

“ဆုပေးတယ် ဆိုတာတော့ ကောင်းပါတယ်။ ဘာပဲပြောပြော ဒီဟာကတော့ သတင်းသမားကို ပေးတာဆို တော့ ကျမကတော့ လှိုက်လှိုက်လဲလဲကြိုဆိုပါတယ်။ ဒါပေမဲ့တခုတော့ရှိတာပေါ့နော်။ သတင်းသမားတွေ အများကြီးရှိတယ်၊ ဘယ်လို သတင်းသမားတွေကို ရွေးချယ်ပြီး ပေးမှာလဲပေါ့နော်။ အဲဒါတော့အရေးကြီး တယ်လို့ မြင်ပါတယ်” ဟု ပြည်တွင်း သတင်းထောက် တဦးက မဇ္စျိမကို ပြောသည်။

အမျိုးသားအကောင်းဆုံး သတင်းဆုရနိုင်သည့် သတင်းများမှာ“တိုင်းပြည်နဲ့အဝှမ်းမှာအရေးကြီးတဲ့သတင်း မျိုးပေါ့။ အရေးကြီးတဲ့ သတင်းဆိုတာ စီးပွားရေသတင်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးသတင်းဖြစ်ချင်ဖြစ်မယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးသတင်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အရေးကြီးတဲ့  သတင်းမျိုးတွေ စုံစမ်းထောက်လှမ်းဖော်ထုတ်နိုင် တယ်ဆိုရင် အဲဒီသတင်းမျိုးတွေဖြစ်မှာပေါ့” ဟု ဆရာမောင်ဝံသမှ ပြောသည်။

“ဒီဆုပေးဖို့ဟာကို ဘာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ဆု ဖြစ်လာအောင်တော့ ဝိုင်းဝန်းတိုက် တွန်းသွားကြမှာပါ” ဟုလည်း ဆရာမောင်ဝံသမှဆက်ပြောသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ ကျန်းမာရေး (သုတ၊ ရသ)၊ အနုပညာ၊ ကလေး၊ နည်းပညာတို့ အကြောင်း ဦးတည် ရေးသားထုတ်ဝေသည့် ရုပ်ပြ၊ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၁၇၈ ခုသည် ထုတ်ဝေပြီးမှသာ ဆင်ဆာဘုတ်သို့ ပြသရန် လိုအပ်ပြီး သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးအမျိုးအစားဝင် ၁၈ဝ ခုကိုမူ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ကြိုတင်ခွင့်ပြုချက်ရယူရန်လိုသည်။