သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုးမြို့ နယ်ခွဲ တာဇန့်ရွာ၌ တရုတ်နိုင်ငံသား အမျိုးသား တစ်ဦးကို ဒေသခံ နယ်ထိန်းရဲ တပ်ကြပ်ကြီး တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၁၄ ရက် နံနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ ကြောင်းသိရသည်။
တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် တာဇန်ရွာတွင် လောင်းကစားရုံရှိပြီး တရုတ်နိုင်ငံသားများ အဝင်အထွက် ရှိရာ အသက် ၃၀ ၀န်းကျင်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး လောင်းကစားရုံအနီး လမ်းလျှောက်လာစဉ် ရဲက ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“တာဇန့်ရွာလောင်းကစားရုံနားမှာ ပစ်ခတ်မှုဖြစ်တယ် တရုတ်အမျိုးသားတစ်ဦးကိုနယ်ထိန်းရဲတပ်ကြပ်ကြီး သေနတ် နဲ့ ပစ်သတ်လိုက်တယ် ရင်ဘတ်မှာမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် ” ဟု ဒေသခံက ပြောသည်။
၎င်းတရုတ်အမျိုးသားအား ရဲက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်ပဲ ပြန်လည်ခုခံသဖြင့် ပစ်သတ်ခြင်းဖြစ်သည် ဟု မူစယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“တရုတ်အမျိုးသားပါ ရဲကစစ်ဆေးဖို့ ရပ်ခိုင်းတာ အစစ်မခံပဲ ဓါးနဲ့ခုတ်ပြီးပြေးလို့ ပစ်လိုက်တာပါ ဓါးဒဏ်ရာတော့ မရဘူး သူ့ဆီမှာ တရုတ်ငွေယွမ် တစ်သောင်းနဲ့ မူးယစ်ဆေးဝါးတချို့သိမ်းမိပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ တရုတ်အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေအဖြစ် ထွက်ချက်ရယူရန် တာကျန့် ရွာသား လုံးရွက်ခမ်း၏ သမီးနန်းဌေးကို မန့်ဟျိုးရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ရဲအရာရှိမှာ နယ်ထိန်းရဲတပ်ကြပ်ကြီး အောင်မျိုးထွန်း (ခေါ်) စွန်ရဲ ဖြစ်ကြောင်း သိရသည်။