ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ လက်ရှိ တရားဝင်ငွေလဲနှုန်း အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်ကျော် အစား စနစ်ပြောင်းလဲနိုင်ရေးနှင့်နိုင်ငံ တကာ ဘဏ်လုပ်ငန်းဆိုင်ရာအတားအဆီးများ ကိုလည်း ဖယ်ရှားနိုင်ရေး နည်းလမ်း ရှာဖွေရန် အတွက် ကမ္ဘာ့ငွေကြေး ရန်ပုံငွေ အဖွဲ့ IMFကိုယ်စား လှယ်တဖွဲ့ အောက်တိုဘာလထဲမှာရောက်လာ တော့မည် ဖြစ်သည်။
မြန်မာ့ဘဏ္ဍာရေး စံနစ်သည် ပွင့်လင်း မြင်သာမှု မရှိပဲ ဖြစ်နေကာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ရန် အတွက် စူးစမ်းလေ့လာမှု အဖြစ် ၁၉၈၇ ခုမှစ၍ မြန်မာနိုင်ငံ အပေါ်၂၄ နှစ်ကြာ ငွေကြေး ထောက်ပံ့မှု ရပ်ဆိုင်းထားသည့် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ကြီး - IMF ပြောခွင့်ရ အမျိုးသမီး ဂစ်တာဘာ့ထ် Gita Bhatt က “နိုင်ငံခြား ငွေလဲတဲ့
နှုန်းစနစ်နဲ့ နိုင်ငံတကာ စီးပွားရေးမှာ ငွေချေတာ၊ ငွေလွှဲပြောင်းတာတွေကို မွမ်းမံ ပြင်ဆင်ဖို့ မြန်မာ အာဏာပိုင်တွေက အကူအညီ တောင်းထားပါတယ်” ဟု တနင်္လာနေ့က ရိုက်တာ သတင်းဌာနသို့ ပြောသည်။
ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဦးမောင်မောင်ဝင်းကလည်း imfအမေရိကန် ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းကို ပြောင်းလဲနိုင်ရန် IMF နှင့် ညှိနှိုင်းရန် ဆက်သွယ်ထားသည်ဟုလည်း မကြာသေးမီက ရန်ကုန်အခြေစိုက် The Voice ဂျာနယ်ကိုပြောသည်။
နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း ကလည်း နိုင်ငံခြားငွေများ လဲလှယ် ရောင်းဝယ်ရာ၌ တည်ငြိမ်သည့် ငွေလဲနှုန်း သတ်မှတ်နိုင်ရန် ပြည်ပ အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် စတင် ဆောင်ရွက်နေပြီဟု တရားဝင် ပြောဆိုထားသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် IMF တွင်အဖွဲ့ဝင် ၁၈၇ နိုင်ငံ ပါဝင်ကာ ကမ္ဘာ့နိုင်ငံ အသီးသီး၏ ငွေကြေးနှင့် ဘဏ္ဍာရေး မူဝါဒ တည်ငြိမ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါ်ပေါက်ရေး၊ ရေရှည် စီးပွား
တိုးတက်ရေး၊ ဆင်းရဲမှု လျော့ချရေးတို့အတွက် ငွေကြေးနှင့် နည်းပညာများ အကူအညီ ပေးနေသည်။
၁၉၅၂ ခုနှစ်ကတည်းက အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအား IMF က ငွေကြေးထောက်ပံ့မှု ရပ်ဆဲ ထားသော် လည်း အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူမှု Article IV အပိုဒ် ၄ အရ “အဖွဲ့ဝင်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးခြင်း၊ စီးပွားရေးဆိုင်ရာ တောင်းဆိုခွင့်ရှိသကဲ့သို့ ငွေကြေးစီမံခန့်ခွဲမှု စံနစ်၊ငွေလဲနှုန်းတည်ငြိမ် စေရေးတို့အတွက် နည်းပညာနှင့် အကြံဉာဏ်များ ပေးခွင့်ရှိ”နေသည်။
မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာ လဲလှယ်ရာ၌ တဒေါ်လာလျှင် ၆ ကျပ်ကျော်နှုန်းကို တရားဝင် အဖြစ် လွန်ခဲ့သည့် ၃၆ နှစ်ကတည်းက အစိုးရ အဆက်ဆက် သတ်မှတ်ထားသော်လည်း ပြင်ပ မှောင်ခို စျေးနှုန်းနှင့် ကွာခြားနေကာ သြဂုတ်လ ၁၂ ရက်တွင် တဒေါ်လာ ရ၅၄ ကျပ်သာ ရှိနေသည်။
ယခုနှစ် အစောပိုင်းကမူ ငွေလဲလှယ်နှုန်းမှာ တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၀၀၀ ဝန်းကျင်ခန့် အထိ ရှိခဲ့သည်။
နိုင်ငံတကာ စျေးကွက်တွင် ဒေါ်လာတန်ဖိုး ကျနေခြင်း၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မျက် ရောင်းဝယ်မှုများမှ ဝင်ငွေကြောင့် စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
ထို့အပြင် စစ်အစိုးရက၂ဝဝ၉၊ ၂ဝ၁ဝ ခုနှင့် အစိုးရအသစ်မတက်မီ ၂ဝ၁၁ နှစ်ဆန်းပိုင်းအတွင်း နိုင်ငံပိုင် အဆောက်အဦ၊ မြေယာနှင့် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့ခြင်း၏ အကျိုးဆက်ဟုလည်း ဆိုကြသည်။
၃ နှစ်အတွင်း ဝန်ကြီးဌာန စီးပွားရေးလုပ်ငန်းနှင့် အဆောက်အအုံ လုပ်ငန်း ၄၄ဝ ကျော်ကို ပုဂ္ဂလိကသို့ ရောင်းချ ခဲ့သည်။ ယခုနှစ်ဆန်းပိုင်း ရောင်းရငွေသည်ပင် ကျပ်ငွေ ဘီလီယံ ၈ဝဝ ဖိုးခန့် ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၁ဝဝဝ နှင့် ညီမျှသည်ဟု မြန်မာ့ငွေကြေးကို သုတေသန လုပ်နေသူ ထိုင်းနိုင်ငံ အခြေစိုက် ဗဟိုဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်သူငြိမ်းက ဘီဘီစီသို့ ခန့်မှန်း ပြောဆိုသည်။
ဝယ်ယူသူ လုပ်ငန်းရှင်များက ကျပ်ငွေဖြင့် လေလံများ ပေးချေရန်အတွက် ဒေါ်လာများ ပြန်ထုတ်ရောင်းရာမှ ငွေလည်ပတ်မှု အတွင်း ဒေါ်လာထပ်တိုးလာကာ ကျပ်ငွေနည်းသွားသဖြင့် ကျပ်ငွေတန်ဘိုး တက်လာရသည်ကို ပညာရှင်များက ရည်ညွှန်းကြသည်။
မြန်မာ့စီးပွားရေးကို မျက်ခြေမပြတ်စောင့်ကြည့်နေသူ သြစတြေးလျနိုင်ငံ MacQuarie University မှ ပါမောက္ခ ဒေါက်တာ ရှောင်တာနယ် Sean Turnell က မြန်မာငွေတန်ဖိုးမြင့်လာသဖြင့် ပြည်ပပို့ကုန်လုပ်ငန်းကို ထိခိုက်လာနေသည်ဟု သုံးသပ်ထားသည်။ လက်ရှိအနေအထားကို အစိုးရက အခွင့် ကောင်းယူ၍ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းကို တမျိုးတည်း သတ်မှတ်သင့်သည်ဟု ယူဆကြောင်းလည်း ဘီဘီစီ သို့ပြောသည်။
မြန်မာစီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်ကြီးများကလည်း ကျပ်နှင့် ဒေါ်လာ တရားဝင်လဲနှုန်း ၆ ကျပ်ကို ဖျက်သိမ်းပြီး သင့်တော်သောနှုန်းသေ သို့မဟုတ် နှုန်းရှင်သို့ ပြောင်းသင့်သည်ကြောင်း တညီတည်း ပြောဆိုနေကြသည်။ ရဝဝ နှင့် ၈ဝဝ အကြားကို အသင့်လျော်ဆုံးဟု ဆိုသူများလည်း ရှိသည်။
IMF ကမူ ငွေလဲနှုန်း တမျိုးထက် ပိုရှိနေသဖြင့် နိုင်ငံ၏ စီးပွားရေး ကဏ္ဍ အမျိုးမျိုးကို ထိခိုက်နေသည်ဟု သူ၏၂ဝဝ၈ သြဂုတ်လထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ငွေလဲနှုန်းကို နှုန်းသေအားဖြင့် တဒေါ်လာ ကျပ် ၄ဝဝ နှင့် ၅ဝဝ အကြား သတ်မှတ်သင့်ကြောင်း အကြံပြုထားသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Ms. Victoria Nuland ကမူ လွတ်လပ်သည့် နိုင်ငံတနိုင်ငံ အနေဖြင့် IMF ထံမှ အကူအညီ တောင်းခံပိုင်ခွင့်ရှိသကဲ့သို့ ငြင်းပယ်ခွင့်လည်း ရှိသည်ဟု ဆိုသည်။ သို့သော် “IMF ရဲ့ အကူအညီ ယူမယ် ဆိုရင်တော့ IMF ကချမှတ်ထားတဲ့ မူဘောင် စည်းကမ်းတွေ ကိုတော့ လိုက်နာရမှာပါပဲ” ဟု အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းပွဲ၌ ဖြေသွားသည်။ အမေရိကန် ပြည်ထောင်စုသည် IMF အမှုဆောင် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
IMF သည် စျေးကွက် စီးပွားရေး၊ ဘဏ္ဍာရေး စနစ် ထင်သာမြင်သာ ရှိရေး၊ အစိုးရက မစွတ်ဖက်သည့် လွတ်လပ်သည့် ကုန်သွယ်မှုများ ထူထောင်ရေး၊ အဂတိ တိုက်ဖျက်ရေး၊ ဆင်းရဲမှု ပပျောက်စေရန် မူဝါဒများ ချမှတ်ရေး၊ ကုန်သွယ်ခွန်များ လျော့ချရေးတို့ကို ဦးစားပေးလေ့ ရှိသည်။
IMF အကူညီနှင့် ပတ်သက်၍ ရလဒ်ကို ကြီးကြီးမားမား မျှော်လင့် မထားရန်လည်း သတိပေးမှုများရှိနေသည်။
စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) ကမူ IMF ထံမှ အကြံဉာဏ် ယူတိုင်း ကောင်းတာ မဟုတ်သကဲ့ သို့ အကြံဉာဏ်ပေးတိုင်းလည်း လိုက်နာရန် တာဝန်မရှိကြောင်း အွန်လိုင်းသတင်းတခုဖြစ်သော Yangon Press International-YPI သတင်းဌာနသို့ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကို ဥပမာပေး ပြောထားသည်။
ထိုင်းနိုင်ငံမှ စတင်ခဲ့သည့် ၁၉၉၇ ခုနှစ် အာရှငွေကြေး အကျပ်အတည်း ကာလက နိုင်ငံခြား ကြွေးမှီ ပြန်မဆပ်နိုင်ပဲဖြစ်နေစဉ် IMF ကတောင်းဆိုသည့် Structural Adjustment Programs (SAPs) ခေါ် ပုဂ္ဂလိကပိုင် လုပ်ရေး၊စျေးကွက် ဥပဒေများ ပယ်ဖျက်ပေးရေး၊ နိုင်ငံခြားကုန်သွယ်ခွန် လျော့ပေးရေး၊ အစိုးရက မစွတ်ဖက်ပဲ လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုရေး အစီအစဉ်တို့ဖြင့် ငွေချေးပေးခဲ့သည်။
ထိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့က လက်ခံခဲ့သော်လည်း မလေးရှားနိုင်ငံက လက်မခံပဲ စီးပွားရေး ပြန်ဦးမော့စေရန် ကြိုးစားနိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှာမူ ငွေကြေး အကျပ်အတည်း အကျိုးဆက်အဖြစ် သမ္မတဆူဟာတို နုတ်ထွက်လိုက်ရသည်အထိ ဖြစ်ခဲ့ရသည်။
IMF အမှုဆောင်အဖွဲ့ဝင် အမေရိကန်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် မြန်မာနိုင်ငံသို့ ပို့ကုန်၊ သွင်းကုန် ပိတ်ဆို့ဒဏ်ခတ်ထားပြီး ဘဏ္ဍာငွေ လွှဲပြောင်းမှုကို တိုက်ရိုက်သော် လည်းကောင်း၊ တဆင့်သော် လည်းကောင်း မပြုလုပ်ရန် အမေရိကန်ဘဏ်များ၊ အမေရိကန် နိုင်ငံသားများကို တားမြစ်ထားသည်။