မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းခြင်း မရှိကြောင်း KIO ငြင်းဆို

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းခြင်း မရှိကြောင်း KIO ငြင်းဆို
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အပစ်ခတ်ရပ်ဆိုင်းခြင်း မရှိသေး ကြောင်း KIO အရာရှိများ ငြင်းဆိုလိုက်သည်။ နှစ်ဖက် ကြား အပစ်အခတ် ရပ်ဆိုင်းရေးပြုလုပ်ရန် သဘောတူထားသော်လည်း လက်မှတ် မထိုးရသေးပါ။

DSC01406
အစိုးရ ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်မှ ယခု ဖြစ်နေသည့် KIO နှင့် မြန်မာအစိုးရစစ်တပ်ကြား အမြန်ဆုံးအပစ်ခတ်ရပ်ဆိုင်းရေး အတွက် သြဂုတ် ၁၁ ရက်က KIO အား စာပေးပို့ခဲ့သည်။

“ဂတိဝန်ခံချက်စာမှာ နှစ်ဦးနှစ်ဖက်ကြားမှာ အပစ်အခတ်ရပ်စဲရအောင် ဆိုတာကို သဘောတူထားပဲ။ ဒါမယ့် ဒီစာကြမ်းကို အချောဖြစ်အောင် အားလုံးတိုင်ပင်ဆွေးနွေးညှိနှိုင်းဖို့ ရှိသေးတယ်။ မြန်မာစစ်တပ်နဲ့ ကျတော်တို့ အပစ်ခတ်ရပ်ဆိုင်းတာ မဟုတ်သေးပါဘူး။ အပစ်ခတ်ရပ်ဆိုင်းဖို့ အတွက် ခု တိုင်ပင်ဆွေးနွေးနေတယ်။’’ ဟု လိုင်ဇာ ဗဟိုဌာနချုပ်မှ KIO တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘာ လာနန်မှပြောသည်။

KIOနှင့့် မြန်မာစစ်တပ်ကြား အပစ်ခတ်ရပ်ဆိုင်းရေး အတွက် ဇွန် ၃၀ ရက်တစ်ကြိမ်၊ သြဂုတ်လ ၂-၃ ရက်နေ့ တွင် တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲကို မြန်မာဘက်မှ ဗိုလ်မှူးကြီးသန်းအောင် (ကချင်ပြည်နယ်အစိုးရ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး)၊ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒူဝါ ဆင်ဝါးနော်(ကချင်အမျိုးသားအတိုင် ပင်ခံအဖွဲ့ ဥက္ကဋ္ဌ) တို့နှင့် KIO ဘက်ကမူ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွန်မော် ဦးဆောင်သောကိုယ်စား လှယ်များ ကြား ပြုလုပ်ခြင်းဖြစ်သည်။

တစ်ဖက်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြသော်လည်း နှစ်ဖက်တပ်များ၏ စစ်ရေးပြင်ဆင်မှုများလည်း ဆက်လက်ရှိနေသေးသည်။

သြဂုတ် ၁၁၊ ကြာသပတေးနေ့ မနက် ၃နာရီခန့်တွင် မြန်မာစစ်တပ် ဝိုင်းမော် နယ်မြေခံတပ်ရင်း ခလရ (၅၈)တွင် ရောက်ရှိနေသည့် မြစ်ကြီးနား နယ်မြေခံတပ်ရင်း ခလရ (၂၁)မှ စစ်သားတစ်ဦးသည် “နေမထူး သေမထူး” ဟု ခံယူကာ မိမိကိုယ်ကို သေနတ်ဖြင့် သတ်သေခဲ့သည်။

Most read this week