မန္တလေးမြို့တော်ဝန် အဂတိလိုက်စားမှု သံသယဖြင့် ခေါ်ယူစစ်ဆေးခံရ

မန္တလေးမြို့တော်ဝန် အဂတိလိုက်စားမှု သံသယဖြင့် ခေါ်ယူစစ်ဆေးခံရ
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။        ။ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကို အဂတိ လိုက်စားမှု သံသယဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ခေါ်ယူ စစ် ဆေး မေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အသိုင်းအဝိုင်းထံမှ သိရသည်။

မည်သည့် ကိစ္စနှင့် ဆက်နွယ်သည်ဟု အတည်ပြုရန် ခက်ခဲသော်လည်း ဇူလိုင်လအတွင်း တာဝန်မှ အနားပေး ခံလိုက်ရသည့် ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေနှင့် အတူ မန္တလေးတိုင်း အတွင်းရှိ အချက်အချာကျသည့် မြေကွက်များနှင့် ဆိုင်ခန်းများနှင့် ဆက်စပ်၍ ကိုယ်ကျိုးရှာခဲ့သည် ဟူသော မသင်္ကာမှုဖြင့် သြဂုတ်လ လဆန်းပိုင်း တွင် စစ်ဆေးခံရသည်ဟု စုံစမ်းသိရှိရသည်။

“ မြေကွက်နဲ့ ဆိုင်ခန်းတွေ အရင်တိုင်းမှူး လက်ထက်တုန်းက သူ ရထားတာတွေ ပတ်သတ်မှု ရှိတယ် ဆိုတာနဲ့ အစစ်ခံလိုက်ရတာ။” ဟု အမည်မဖော်လိုသည့် မန္တလေးတိုင်း ဒေသကြီး အစိုးရနှင့် နီးစပ်သူ တဦးက မဇ္စျိမကိုupzhပြောသည်။

ခေါ်ယူ စစ်ဆေးခံရသော်လည်း ဗိုလ်မှူးချုပ်ဟောင်း မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို “သတိပေး” အနေ အထားဖြင့် တာဝန် ဆက်လက် ထမ်းဆောင်ခွင့် ပြုထားသည်ဟု ၎င်းက ဆက်ပြောသည်။

ဦးဖုန်းဇော်ဟန် အနေဖြင့် အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှု၊ ရတနာပုံ စျေးဆိုင်ခန်းများမှ တခန်း လျှင် ၃၅ သိန်းတန် ဆိုင်ခန်းများကို ရ၅ သိန်းဖြင့် စျေးတင်ရောင်းချမှု၊ စျေးပိုပေးသူများကို မူလဆိုင်ခန်း နေရာကောင်းများကို နေရာ ချပေးမှုတို့ဖြင့် တိုင်းဝန်ကြီးချုပ်ထံ တိုင်စာများ တက်ခဲ့သည်ဟုလည်း  ဆိုသည်။

မြို့တော်ဝန် ဦးဆောင်သည့် မန္တလေးတိုင်း စည်ပင်သာယာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ အရာရှိ တဦးကမူ ခေါ်ယူ မေးမြန်းရုံသာ ဖြစ်သည်ဟု ဆိုသည်။

“ဒီနေရာတွေဟာ ဘယ်သူ လက်ထက်က ဘယ်လိုရလဲ။ ဘယ်လို လွှဲလဲ။ အခုအစိုးရသစ် လက်ထက်မှာ ဘယ်လိုဆိုတဲ့ ပုံစံ ခေါ်မေးတာပါ။ ဖမ်းဆီး စစ်ဆေးတာ မဟုတ်ပါဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မန္တလေးတိုင်းအဆင့် ထိပ်ပိုင်း တာဝန်ရှိသူ တဦးကလည်း ဦးဖုန်းဇော်ဟန် အစစ်ခံရသည်ဟု သိရကြောင်း ပြောသည်။

 “မြေကွက်နဲ့ ဆိုင်ခန်း ကိစ္စတွေမှာ အလွဲသုံးစား လုပ်တယ်ဆိုပြီး ဝန်ကြီးဆီကို စာတက်လို့ ခေါ်စစ်ပြီး သတိပေး လိုက်တဲ့ သဘောပါ။ ဘယ်လို ရှင်းလိုက်တယ်တော့ မသိဘူးဗျ။ ပုံမှန် အလုပ် ပြန်လုပ်နေတာ တွေ့တယ်” ဟု သူက မဇ္စျိမကို ပြောသည်။ ဦးဖုန်းဇော်ဟန်နှင့် ကြံ့ဖွံ့ပါတီတို့အကြား ပတ်သက်ခြင်း မရှိဟုလည်း သူက ပြောသည်။

လူသိရှင်ကြား မဖြစ်စေရန် တိတ်တဆိတ် ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း မန္တလေးတိုင်း စည်ပင်မှ တဆင့်နေပြည်တော်နှင့် ရန်ကုန် တို့ရှိ စည်ပင်သာယာ ဌာန လူကြီးများ အကြားနှင့် အစိုးရဌာနဆိုင်ရာ အရာရှိများ အကြား တဦးမှ တဦး စိတ်ဝင်တစား ပြောဆိုမှုများ ရှိနေကြသည်ဟု ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် အဆင့် စည်ပင်သာယာစျေးများဌာန ဆိုင်ရာ အရာရှိတဦးက မဇ္စျိမကို ပြောသည်။

အစိုးရသစ် လက်ထက်တွင် မန္တလေး စည်ပင်သာယာဌာန၏ ဝင်ငွေများသည် တိုင်းဒေသကြီး၏ ဝင်ငွေ ဖြစ်သွား
သဖြင့် စည်ပင် အသုံးစရိတ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြနေရသည်ဟု ဌာနနှင့် နီးစပ်သူများက
ပြောဆိုနေကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲနောက် တက်လာသည့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သန့်ရှင်းသော အစိုးရ
ဖော်ဆောင်ရေး အတွက် အဂတိ လိုက်စားသူ အချို့ကို တာဝန်မှ အနားပေးခြင်းများ ပြုလုပ်နေသည့် အပြင် ဒေသ ဆိုင်ရာ အရာရှိကြီးများအတွင်း အားပြိုင်မှုများကြောင့် ခေါ်ယူစစ်ဆေးခြင်းလည်း ဖြစ်နိုင်ကြောင်း သြစတြေးလျ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဌေးအောင် က ပြောသည်။

“သမ္မတကြီး ဦးသိန်းစိန်က သူ့ရဲ့ အစိုးရကို သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ အဖွင့် မေးခွန်းမှာ ထည့်ပြောခဲ့တယ်။ အဲဒီနောက်မှာပဲ ကစထမှူးတွေ စစ်တိုင်းမှူးတွေကိုလည်း အရေးယူခဲ့တာ ရှိတယ်။ ဦးရဲမြင့် က သူဘာလုပ်လို့ ရတယ်ဆိုတဲ့ အားပြိုင်မှုမျိုးကို ပြတာလည်း ဖြစ်နိုင်တယ်” ဟု ဦးဌေးအောင် က မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်ဟောင်းလည်း အဂတိ လိုက်စားမှုကြောင့် ခေါ်ယူ စစ်ဆေးခံခဲ့ရသလို တပ်တွင်း ထိပ်တန်း အရာရှိအချို့ကို အဂတိ လိုက်စားမှုကြောင့် အနားပေးမှု ပြုလုပ်ခဲ့သည်ဟုသတင်းမီဒီယာများတွင်ဖော်ပြချက် များ ထွက်ပေါ်ခဲ့သည့်။

Most read this week