တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု သျှမ်းတပ် ငြင်းဆို

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု သျှမ်းတပ် ငြင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးမြို့ နယ်ခွဲ သိန်းခမ်းရွာရှိ မြန်မာစစ်တပ်စခန်းတစ်ခုကို ယခုလ ရ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သိန်းခမ်း ရွာသား အသက် ၆၅ နှစ်အရွယ်အမျိုး သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အရပ်သားတစ်ဦးကို သျှမ်းလက်နက်ကိုင်များ ပစ်သတ်သွားသည်ဟု ဒေသတွင်း သတင်းထွက်နေသည့် အပေါ် SSA/SSPC အရာရှိတစ်ဦးထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ၄င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးမှု မှန်ကန်သော်လည်း အာဏာပိုင်များကဒေသတွင်းသတင်းဖြန့် ထားခြင်း ဖြစ်ကြောင်း ၎င်းအရာရှိက ဆိုသည် ။

“စွပ်စွဲတာတော့ သျှမ်းအဖွဲ့က ပစ်တယ်လို့ စွပ်စွဲတာပေါ့ ဒါကသတင်းဖြန့်ထားတာပါ သေသွားတဲ့သူကအသက် က ၆၅ နှစ် ဝန်းကျင် စေတီစောင့်တဲ့ အဖိုးကြီးပါ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူက ဓါတ်မီးထိုးပြီး အိမ်အပြင်ထွက် တော့ နအဖစစ်တပ်က ပစ်သတ်လိုက်တာ ဦးခေါင်းညာဘက်ကနေ ဘယ်ဘက်ကို ဖေါက်ထွက်ပြီးသေဆုံးသွား တယ် ” ဟု ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးမြို့နယ်ခွဲ သိန်းခမ်းရွာတံတားအနီး ခမရ ၃၂၄ စစ်တပ်စခန်းကို လက်နက်ကိုင်များဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ၎င်းသျှမ်းအရာရှိကဆိုသော်လည်း ဒေသအာဏာပိုင် တစ်ဦး က မုံးဝီးရဲစခန်းကို လက်နက်ကိုင်များ ဝင်ပစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“သျှမ်းအဖွဲ့လား ကချင်အဖွဲ့လားတော့ မသိဘူး ဒီလ ရ ရက်နေ့ မနက် ၃ နာရီခွဲလောက်က မုံးဝီးရဲစခန်းကို ဝင်ပစ်တယ် မိနစ် ၂၀ လောက်ပဲကြာတယ် အဝေးကနေ ပစ်တာပါ ရဲတချို့ဒဏ်ရာရတယ် အရပ်သား ၁ ဦး ကိုလည်း ပစ်သတ်သွားတယ် ” ဟု ၄င်းအာဏာပိုင်က ဆိုသည်။

ယခုအခါ နမ့်ခမ်းမြို့မှ မြန်မာစစ်တပ်များ မုံးဝီးဒေသသို့ ထပ်မံ အင်အားဖြည့်တင်းထားကြောင်း သိရသည်။

Most read this week