ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်ထံမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူပြီး ပြန်မဆပ်နိုင်သည့်တောင်သူလယ်သမား များကို ချေးငွေပြန်ရလိုမှုဖြင့် တရားမဝင် ထိန်းသိမ်းကာ ချေးငွေပြန်ဆပ်မှ လွှတ်ပေးသည်ဟုလွတ်မြောက် လာသည့် ကာယကံရှင် လယ်သမားများက ပြောသည်။
၂၀၁၀ ခုနှစ် မိုးရာသီ စိုက်ပျိုးကာလ၌ လယ်သမားများကို အတိုးနှုန်း ၂ ကျပ်ဖြင့် ချေးငွေချထားပေးရာ ပြန်မဆပ်နိုင်သူများကို သြဂုတ်လ ၁ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံခရိုင်ရှိ နောက်ပြန်ဒိုး ဆန်စက်ဂိုဒေါင်တွင် ကျေးရွာ ဥက္ကဋ္ဌများက ဦးဆောင်ကာ အစည်းအဝေး လုပ်ရန်ဟု ခေါ်ယူခဲ့ပြီး ဂိုဒေါင်တံခါး သော့ခတ်ကာ အကြွေး ပြန်ဆပ်သူများကိုသာ လွှတ်ပေးမည်ဟု ဆိုကာ ဂိုဒေါင်အတွင်း သော့ခတ် ချုပ်နှောင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင်းရှိ အင်းဒူး၊ ကုန်းတန်း၊ မှော်ဘီစု၊ မှော်အိုင်၊ နောက်ပြန်ဒိုး၊ ကဒါကျေးရွာများနှင့် ကျိုက်လတ် မြို့နယ်တွင်းရှိ ကျေးရွာများမှ အကြွေးပြန် မဆပ်နိုင်ကြသည့် လယ်သမားများကိုဒေသဆိုင်ရာ အာဏာပိုင်အချို့နှင့် ဦးပိုင်အမှုထမ်းများက ဒေးဒရဲမြို့နယ်တွင်းရှိ ဦးပိုင်လီမီတက် ပိုင်ဆိုင်သည့် နောက်ပြန်ဒိုး တန်တရာ ဆန်စက် ဂိုဒေါင်၌ ဖမ်းဆီး ထိန်းသိမ်းကာ ငွေပြန်ဆပ်ခိုင်းခြင်း ဖြစ်သည်ဟု လွတ်မြောက် လာသူများက ဆိုသည်။
“မနှစ်က မိုးစပါးစိုက်ရာသီက ချေးထားတဲ့ ငွေကို ဒီအချိန်ထိ စောင့်တောင်းတာ မရလို့ဆိုပြီး ဦးပိုင်က နောက်ပြန်ဒိုး တန်တရာ ဆန်စက်မှာ အစည်းအဝေး ခေါ်မယ်ဆိုပြီး အစည်းအဝေး မလုပ်ဘဲနဲ့ ဂိုဒေါင်ထဲမှာ စုပြံုပြီး ဖမ်းထားလိုက် တယ်” ဟု ကြွေးအတွက် ငွေပေးကာ ပြန်လည် လွတ်မြောက်လာသူ လယ်သမားတဦးက မဇ္စျိမကို ပြောသည်။
အထက်ပါ နောက်ပြန်ဒိုး ရွာလယ်သမားသည် လယ်ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး ဦးပိုင်လီမီတက်မှ ငွေတရာကျပ်
လျင် ၂ ကျပ်တိုးဖြင့် သိန်း ၂၀ ကျော် ချေးထားရာ ပြန်မဆပ်နိုင်၍ အဖမ်းခံခဲ့ရသည်။ မိသားစုက ယင်းပိုင် လယ်မြေများကို အတိုးဖြင့် ပေါင်နှံကာ ငွေရှာပြီး ပြန်လည် ရွေးထုတ်ခဲ့ရသည်ဟု သူက ပြောပြသည်။
ထိန်းသိမ်းခံရသူ လယ်သမား အယောက် ၁၀၀ ခန့်ရှိခဲ့ရာတွင် သြဂုတ်လ ၉ ရက် နေ့ထိ ပြန်မရွေးနိုင်သူ အမျိုးသား အယောက် ၃၀ နှင့် အမျိုးသမီး ၆ ဦးတို့အား ချုပ်နောင်ထားဆဲ ဖြစ်ကြောင်း ပြန်လည်လွတ်မြောက် လာသည့်အင်းဒူး လယ်သမားတဦးက ပြောသည်။
လွတ်မြောက်လာသူများမှာ ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ လယ်မြေများ ပေါင်နှံရောင်းချ၍ ငွေရှာကြရသည်ဟု အဆိုပါ လယ်သမားက ပြောသည်။
“တချို့ကြတော့ ပိုက်ဆံ အားချင်း မရှိရှိတာ ရောင်းချပြီး သွားပြီး ထုတ်ကြတာပဲ။ အခု ကျန်တဲ့လူတွေ ကျန်သေးတယ်။ အပြင်ကို ထွက်ခွင့်မပေးဘူးလေ” ဟု သူက မဇ္စျိမကို ပြောသည်။
ဂိုဒေါင်အတွင်း ချုပ်နှောင်ခံထားရသူများကို ဦးပိုင်လီမီတက် ဝန်ထမ်းများက စောင့်ကြပ်နေပြီးအစားအသောက် ကို မိသားစုဝင်များက လာရောက် ပို့ပေးကြရသည်ဟုလည်း လွတ်မြောက်လာသူများက ဆိုသည်။
ဦးပိုင်လီမီတက် အနေဖြင့် လယ်သမားများကို ယခုကဲ့သို့ တရားမဝင် ဖမ်းဆီး၊ ချုပ်နှောင်ခွင့်မရှိဘဲ ချုပ်နှောင်မှု သည် တရားဥပဒေကို ချိုးဖောက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် တရား ဥပဒေ အရ ၃ ရက်ထက်ကျော်လွန် ၍ ချုပ်ထားလျင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄၃ အရ တိုင်တန်း အရေးယူနိုင်ကြောင်း လယ်သမားများ အရေး လှုပ်ရှားနေသည့် ပဲခူးအခြေစိုက် ရှေ့နေဦးအေးမြင့်က ပြောသည်။
“ ဌာနဆိုင်ရာ အရှိန်အဝါတွေ သုံးပြီးတော့ ဖမ်းတယ်။ လယ်သမားက ကြောက်တော့ ခံတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အရဆိုရင် မတရားဖမ်းဆီး ချုပ်နှောင်မှုထဲကို ဝင်တယ်။ တရားမမှုနဲ့ သာလျှင် တရားစွဲရမယ်။ သူတို့အနေနဲ့ ဖမ်းပိုင်ခွင့်လည်း မရှိဘူး တရားစွဲပိုင်ခွင့်လည်း မရှိဘူး” ဟု ဦးအေးမြင့်က မဇ္စျိမကို ပြောသည်။
ထိန်းသိမ်းမခံရဘဲ ပြင်ပတွင် ကျန်ရှိနေသေးသည့် အကြွေး မဆပ်နိုင်သေးသော လယ်သမား အချို့ကိုလည်း အချိန်မီ ပြန်မဆပ်နိုင်ပါက ဦးပိုင် အမှုထမ်းများက ရဲနှင့်အတူ လာရောက် ဖမ်းဆီးမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး များက ဆင့်ခေါ်ပြောဆိုကြောင်း အင်းဒူး ရွာခံ အမျိုးသမီးတဦး က ပြောသည်။
လယ်သမားများအနေဖြင့် ရာသီဥတုကြောင့် သီးနှံများ ပျက်စီးခဲ့ရသဖြင့် အကြွေးပြန် မဆပ်နိုင်ကြခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ကျမတို့ကိုတော့ နွေစပါးနဲ့ စာချုပ်တယ်။ နွေစပါးကလည်း မိုးတွေ မိကုန်တော့ စပါးတွေက ဝါကုန်ရော။ ဝါကုန်တော့ သူတို့ကလည်း လက်မခံဘူး။ တခါ ဆောင်းစပါး ကျတော့လည်း မိုးတွေမိတော့ စပါးကဆုံးရှုံး ကုန်တော့ဆပ်လို့ မရတော့ဘူး” ဟု အဆိုပါ အင်းဒူးရွာခံ အမျိုးသမီးက မဇ္စျိမကို ပြောသည်။
ယင်း၏ ခင်ပွန်းဖြစ်သူမှာ ဦးပိုင် အကြွေးဟောင်း ဆပ်နိုင်ရန် အတွက် အကြွေးသစ် ချေးယူရန်ခရီးထွက်နေ သည် ဟုလည်း ဆိုသည်။ ယင်းသို့ အရေးပေါ် ငွေရှာကြရာတွင် အတိုးနှုန်းများ အဆမတန်ပေး၍ချေးနေရ သည် ဟုလည်း ဆိုသည်။
ဦးပိုင်ကုမ္ပဏီမှာ စစ်တပ် ရန်ပုံငွေအတွက် ထူထောင်ထားသော စီးပွားရေးကုမ္ပဏီဖြစ်ပြီး စစ်တပ်အရာရှိများ ရှယ်ယာ ထည့်ဝင်ကြရသည်။