ရှစ်လေးလုံးနှင့် မခင်မိုးအေး

ရှစ်လေးလုံးနှင့် မခင်မိုးအေး
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။      ။ ၈၈ အရေးတော်ပုံအတွင်း အစိုးရမှ  ကျောင်းသား၊ ကျောင်းသူများကို အစုလိုက် အပြံုလိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် နိုင်ငံရေးလှုပ်ရှား မှု အတွင်း စတင် ဝင်ရောက်လာခဲ့သည်ဟု ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ဓါတုဗေဒနောက်ဆုံး နှစ်အတွက် ပညာသင်ယူနေသည့်မခင်မိုးအေးက ဆိုသည်။

မခင်မိုးအေးသည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးတော်ပုံနောက်ပိုင်း၂၃ နှစ်ကာလအတွင်း အစိုးရ၏ ဖမ်းဆီးခြင်းကို ၃ ကြိမ်ခံခဲ့ရသည်။

၈၈ လူထု အရေးတော်ပုံအတွင်း ပါဝင် ပတ်သက်ခဲ့ပုံ၊ ထောင်တွင်း အတွေ့အကြံုများ၊ အရေးတော်ပုံ နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျခံခဲ့ရပုံ၊ ထောင်တွင်း အတွေ့အကြံုများ လူထုအရေးတော်ပုံ၏ ရလဒ်၊ ဦးသိန်းစိန် အစိုးရအပေါ် သဘောထား၊ အနာဂတ် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်များ စသည်တို့ကို မဇ္ဈိမ သတင်းထောက်က မေးမြန်းထားခြင်းဖြစ်ပါသည်။

ရှစ်လေးလုံး အရေးအခင်းမှာ အမဘယ်လို ပါဝင်ခဲ့လဲ။

“နိုင်ငံရေးကို နားမလည်ခဲ့ဘူး။ တံခါးပိတ်ဝါဒ ကျင့်သုံးထားတာတော ့နည်းနည်းပါးပါး ကျဉ်းမြောင်းတာတော့ နားလည်နေတယ်။ ဒါပေမဲ့ ငါတို့ ကျောင်းသားတွေကို သတ်ဖြတ်တယ်ဆိုပြီး ဝင်လာခဲ့ရင်းနဲ့လုပ်ရင်းလုပ် ရင်းနဲ့ တဖြည်းဖြည်း နားလည်လာတယ်။ ကျောင်းသားတွေကို သတ်တယ် ဒီစနစ်ကို ဖြုတ်ပစ်မယ်ဆိုပြီး စိတ်ကူးနဲ့စခဲ့တာပဲ”

အစိုးရရဲ့ ဖမ်းဆီးမှု ဘယ်နှစ်ကြိမ် ခံခဲ့ရလဲ။

“မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ အောက်မြန်မာပြည်မှာ ဝင်ရောက်လှုပ်ရှားခဲ့တဲ့အတွက် စစ်ဆေးခံရတယ်။ ၁၉၉ဝ ခုနှစ် နိုဝင်ဘာလမှာ အင်းစိန်ထောင်မှာ၂၁ ရက်အချုပ်ဘဝ၊ ပြီးတော့ စစ်ကြောရေးကနေပြန်လွတ်ခဲ့ တယ်။ ထောင်၃ ခါကျဖူးပါတယ်။ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတဲ့အခါ အကျယ်ချုပ် ချထားခံရတဲ့ ဒေါ်စု အတွက် ဆန္ဒပြမှုတွေ ဖြစ်တယ်။ အဲဒီမှာ ထောင် ၁ဝနှစ် ကျခံရတယ်။ ဒါပေမဲ့ ကျမ ကံကောင်းတယ်လို့ ပြောရမယ်၉၂ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ ၉၈ ခုနှစ်မှာ ထောင် ရ နှစ်ကျခဲ့တယ်။ ၂ဝဝ၃ ခုနှစ် မေလမှာ ပြန်လွတ်ခဲ့ပါတယ်။ ကိုအောင်ထွန်းရေးတဲ့ ကျောင်းသား သမိုင်းစာအုပ်နဲ့ ပတ်သက်တဲ့အမှုနဲ့ ကျခဲ့တာပါ။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ထောင်ဒဏ် ၃နှစ် ကျခဲ့တယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြန်လွတ် လာပါတယ်။ နောက်ဆုံး မြင်းခြံထောင်ကနေ လွတ်ခဲ့တယ်”

၈၈ တုန်းက ကျောင်းသားတွေ ဦးဆောင်ခဲ့တာ မှန်ပေမယ့် အဲဒီအချိန်က ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုကိုကော ဘယ်လို သတ်မှတ်မလဲ။

“၈၈ မှာ ကျောင်းသားတွေ ဦးဆောင်ခဲ့ပေမဲ့ လူတန်းစားအလွာပါဝင်ခဲ့တဲ့အတွက် လူထုက ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့် ရခဲ့တယ်၊ ဒီသမိုင်းမှတ်တိုင်ကို ကျမတို့အားလုံးက ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့သမိုင်းမှတ် တိုင်လို့ပြောချင်ပါတယ်”

“၈၈ အရေးအခင်းအပြီး ၂၃နှစ် ကာလမှာ ကျမတို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အသီးသီးပေါ့နော် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ဒီအရေးအခင်းက လူတဦးချင်းစီကနေ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရခဲ့တဲ့ အခွင့်အရေး တခုရခဲ့တဲ့ သမိုင်းမှတ်တိုင် တခု ဖြစ်တယ်လို့ ကျမပြောချင်တယ်”

၈၈ ကနေ ရလာတဲ့ ကောင်းတဲ့ ရလဒ်တခုကို ထုတ်ပြပါဆိုရင် ဘာလို့ပြောနိုင်မလဲ။

“တခါးပိတ် စနစ်ကနေ စျေးကွက် စီးပွားရေး စနစ်ဖြစ်လာတော့ အရင်ထက်စာရင် အခုခေတ် စီးပွားရေး ကုမ္ပဏီတွေ ထွက်လာတယ်။ စီးပွားရေး ပွင့်လင်းလာတယ်”

၂၃ နှစ်အတွင်း မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ အမအနေနဲ့ ဘာခက်ခဲမှုတွေနဲ့ ကြံုတွေ့ခဲ့ရလဲ။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ ၈၈ အရေးအခင်းနဲ့ ထိတွေ့ပြီးတော့ လှုပ်ရှားနေရတဲ့အတွက် အခက်အခဲ တွေက အမျိုးမျိုးရှိတယ်။ အဖမ်းခံရတဲ့အခါမှာ စစ်ကြောရေး ဝင်ရတယ်။ ထောင်ကျတော့လည်းထောင်တွင်း ရဲ့ အခက်အခဲတွေ ကြံုတွေ့ခဲ့ရတယ်။ ၉ဝ ခုနှစ်တုန်းက ကျမ အသက်လည်း ငယ်သေးတဲ့အချိန် ထောင်လဲ ပထမဆုံး ရောက်တော့ စစ်ကြောရေး ဝင်တဲ့အခါ မိန်းကလေးဖြစ်တော့ တော်တော်လည်း ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတယ်။ စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့ပဲ ဒါတွေ အားလုံး ကျော်ဖြတ်ခဲ့ရတယ်”

ထောင်တွင်း အတွေ့အကြံုကိုလည်း ပြောပြပေးပါဦး။

“ထောင်တွင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးက လူ့အခွင့်အရေးက တော်တော်လည်း ဆုံးရှုံးတယ်။တိရစ္ဆာန် လိုပဲ။ ကျမစိတ်ထင် ပြောချင်တိုင်းပြော၊ ဆဲချိန်တိုင်း ဆဲ။ ကျမတို့က နိုင်ငံရေးမှုပြန်ဖြစ်တော့ ဒီအပေါ်မှာ တော်တော်လည်း တွန်းလှန်ခဲ့ရတယ်။ နောက်ပိုင်း ၉၉ ခုနှစ် နိုင်ဝင်ဘာမှာ အိုင်စီအာစီ လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ပြောင်းလဲ လာခဲ့တယ်”

၈၈ က ၂၃ နှစ်လည်း ပြည့်ခဲ့ပြီး ကျမတို့ နိုင်ငံလည်း အခုဆိုရင် အရပ်သား အစိုးရ ဖြစ်လာပြီလို့ပြောကြ ပြန်တယ် ဒီတော့ အခုပေါ်ပေါက်လာတဲ့ အစိုးရသစ်အပေါ်အပေါ် ဘယ်လိုမြင်လဲ။

“အစိုးရသစ်ကတော့ ဒီမိုကရေစီအရေးကို ဖော်ဆောင်နေတဲ့ အစိုးရဆိုပြီးတော့ သူတို့ ပြောထားတယ်ပေါ့ လေ။ တကယ်ပဲ ဒီမိုကရက်တစ်စနစ်ကို ကျင့်သုံးတဲ့ အစိုးရ ဖြစ်လား ဆိုတာတော့ ကျမတို့စောင့်ကြည့် ရမှာပဲ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ဖြစ်နိုင်မယ့် အနေအထား တရပ် ဖြစ်လာဖို့ ကျမ မျှော်လင့်ပါတယ်”

ဒီအစိုးရသစ် အနေနဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ လုပ်ဆောင်ချက်တွေက ဘာလို့ ပြောလို့ ရပြီလဲ။

“အခုလက်ရှိတော့ သတင်းစာထဲမှာ ကြားရ၊ ဖတ်ရသလောက်ကတော့ သိပ်ထူးထူးထွေထွေမပြောင်းလဲသေး ပါဘူး။ သူတို့ အခွန်ကိစ္စ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ပညာရှင်တွေနဲ့ ဆွေးနွေးနေတာဘဲလေ။ တခါ တလေမှာ ဖြစ်တတ်တာက ဆင်းရဲမွဲတေမှု ပပျောက်ရေး ခေါင်းစဉ်က သိပ်ကောင်းတယ်။ လက်တွေ့မှာ အောက်ခြေအထိ အကောင်အထည် မဖော်နိုင်ဘူးဆိုရင် ဒါဟာထိရောက်တဲ့ အကောင်အထည်ဖြစ်မလာ ဘူး။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီးပွားရေး၊ အခြေအနေအရ တဖြည်းဖြည်းနဲ့ တိုးပြီးတော့သေသေ ချာချာလုပ်မယ်ဆိုရင် အလားအလာကောင်းတဲ့ အခြေအနေဖြစ်မှာပါ”

နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ ထောင် ခဏခဏ ကျခဲ့ပေမဲ့ ဘယ်လို စိတ်တွေနဲ့ စိတ်ဓါတ်မကျဘဲ နိုင်ငံရေးမှာ ပါဝင်နေတာလဲ။

ကျမဘဝမှာ ၈၈ ခုနှစ် စလုပ်ကတည်းကနေ ကျမ မိသားစု အခြေအနေက အေးအေးဆေးဆေးနေနိုင်ပါ တယ်။ဒါပေမဲ့ ကျမ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျမနဲ့ ထိစပ်နေရတဲ့လူတွေရဲ့ မျက်နှာကတဖြည်း ဖြည်းနဲ့ အပြံုးတွေပျောက်ကွယ်လာတယ်။ အဲဒီဟာက ကျမအတွက် ကြီးစွာသော စိတ်ဆင်းရဲခြင်း ဖြစ်ရတယ်။ လူတွေအားလုံးက ဆင်းရဲလာတယ်။ သူတို့ လုပ်သလောက် သူတို့မှာ အကျိုးမဖြစ်ထွန်းဘူး။ သူတို့ရဲ့ အခြေခံ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အကုန်လုံးက ချွတ်ခြံုကျလာတဲ့ အခါကျတော့ ကျမစိတ်ထင် မြန်မာအရေး ပြန်လည် ပြေလည် လာတဲ့အထိ တခုခုတော့ အကူအညီပေးစေချင်တဲ့ စိတ်နဲ့ လုပ်တာပါ”

နိုင်ငံရေး အကျဉ်းသား တဦး ဖြစ်လို့ လူ့ပတ်ဝန်းကျင်မှာ ကြံုရတဲ့ အခက်အခဲတွေ ရှိလား။

“ထောင်က ပြန်ထွက်လာရင် အလုပ်မရှိဘူး။ မိသားစုက စီးပွားရေးတွေ ကျသွားတယ်။ ပြန်ရောက်လာရင် ရုန်းကန်ရတယ်။ ကျမ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကိုယ့်လိုပဲ အဆင်မပြေတဲ့ လူတွေကို ကူညီနိုင်အောင်
ကြိုးစားတယ်။ ဒီလို ကူညီဖို့ကြိုးစားရင်းနဲ့ ဒါဟာ စနစ်ပြောင်းမှ ဖြစ်မယ်ဆိုရင် ဒီနိုင်ငံရေးလုပ်ကြည့်တယ်။ ကျမ ထောင်ပြန်ကျတယ်။ ဒီလိုနည်းနဲ့ ကျမနေလာခဲ့တာ အခု ၂၃ နှစ်ရှိခဲ့ပါပြီ။ မရိုးနိုင်တဲ့စိန်ခေါ်မှုတွေ ပေါ့နော်”

“ထောင် ၄ ခါ ကျတဲ့ အမျိုးသမီးတယောက် နိုင်ငံရေး အသိုင်းအဝိုင်းကတော့ လက်ခံတာပေါ့။ ကျမတို့ အမျိုးသမီး သူငယ်ချင်းတွေဆို ကျမနဲ့ အများကြီး ကင်းကွာသွားတယ်။ နောက်တခု ကျမတို့က ကိုယ်ပိုင် အရင်းအနှီး မရှိဘူး။ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် အလုပ်ဝင်လုပ်မယ်ဆိုရင် နိုင်ငံရေးသမား ဖြစ်တဲ့အတွက် အများကြီး အခက်အခဲရှိတယ်၊ ကိုယ့်ကို လက်ခံနိုင်တဲ့ အသိုင်းအဝိုင်းမှာ ပြန်ပြီး ရပ်တည်နိုင်အောင်ကြိုးစား ဒီလိုဘဲ ခုထိ ရပ်တည်ခဲ့ပါတယ်”

ထောင်ကနေ ထွက်လာပြီးနောက် ဘဝ ရပ်တည်ရေးအတွက် ဘာတွေ လုပ်နေလဲ။

“ထောင် ၄ ခါလောက် ကျလာတဲ့ အတွက် မိသားစုက စီးပွားရေးတွေ ကျခဲ့တယ်။ ဒါပေမဲ့ အခု ကျမ မိသားစုစီးပွားရေး အတွက် ပြန်လုပ်နေပါတယ်။ နောက်ပြီး အခု ၂၃ နှစ်ပတ်လည် နေ့မှာ ဝါဆိုသင်္ကန်းကပ်ပွဲဖြစ် မြောက်အောင် တာဝန်တခု ယူနေပါတယ်"

နိုင်ငံရေး လုပ်ရတဲ့ ခံယူချက် ကျတော့ကော။

“ကျမ ပတ်ဝန်းကျင်မှာ တဦးဦးက မပြေလည်ဘူးဆိုရင် သူတို့နဲ့ ပတ်သက်ရင် ကျမမှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။  ငါဘာလုပ်ပေးရမလဲ ဆိုတဲ့ စိတ်က သူတို့အတွက် ကျမလုပ်စရာ တခုခု အမြဲတမ်းလုပ်ပေး ခဲ့တယ်။နိုင်ငံရေး လုပ်နေတယ်ဆိုတာကလည်း ဒီလို အခြေခံလူတန်းစားတွေ လုပ်သလောက်အကျိုး မဖြစ်ထွန်းစေတာ လူတွေက သူတို့ဘဝ လုံခြံုမှု မရှိဘူး။ နေ့ထမင်း၊ ညထမင်း စားနေရဖို့အတွကလုံးပန်း နေရတယ်။ ဗဟုသုတဘာမှ မရှိဘူး။ ကိုယ့်အခွင့်အရေးကို ယူရကောင်းမှန်းမသိဘူး။ ဒီစာတွေ ဖတ်ရ ကောင်းမှန်းနားမလည်ခဲ့ဘူး။ဒါကြောင့် ဒီလူတွေအတွက် ကျမကိုယ်စားပြုပြီး အလုပ်လုပ်ပေးနိုင်မယ်ဆိုပြီး ကျမကိုယ်ကျမ တာဝန်ယူထားပါတယ်”

အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုပုံစံမျိုး ဖြစ်စေချင်လဲ။

“ ကျမတို့မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ ဒီမိုကရေစီ နိုင်ငံစနစ်ကို သေသေချာချာ ဖော်ဆောင်နိုင်တဲ ့တိုင်းပြည်ကြီးတခု ဖြစ်ဖို့အတွက် ကျမ မျှော်လင့်ပါတယ်။ အခြေခံ လူတန်းစားတွေ အတွက် စားဝတ်နေရေးကို ပြေလည်အောင်၊ သူတို့ဘဝ လုံမှုရှိအောင် လုပ်ပေးနိုင်တဲ့အစိုးရတရပ်ဖြစ်လာဖို့။ နိုင်ငံတကာမှာ ကျမတို့မြန်မာလူမျိုးစုအနေနဲ့ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့၊ ငြိမ်ငြိမ်းချမ်းချမ်းရှိဖို့ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်တဲ့ တိုင်းပြည် တခုဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်”

ဒီလို တိုင်းပြည်မျိုး ဖြစ်လာဖို့ အဆင့်တွေက ဘာတွေဖြစ်မလဲ။

အခုအချိန်မှာတော့ အဆိုးတွေ အားလုံးကို ခဏနားပြီးတော့ အကောင်းဘက်ကို ဦးတည်တဲ့ တွေ့ဆုံ ဆွေးနွေး လုပ်ကိုင်ကြမယ်ဆိုရင် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်လို့ ကျမ မျှော်လင့်တယ်။ နောက် အရေးကြီးဆုံးက ကျမတို့ တိုင်းပြည်မှာ ပွင့်လင်းတဲ့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး အမြန်ဆုံးပြန်လွတ်ဖို့။ ပြည်တွင်းစစ်တွေ ရပ်စဲဖို့။ အတိုက်အခံဘက်နဲ့ အမျိုးသားပြန်လည်ရင်ကြား စေရေး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့လည်း လိုပါတယ်”