ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ အထက် ဝေကြိုင် (Woichyai) ကျေးရွာ က ခန်းမကြီးတခုမှာ အနီ အဖြူ အနက် အပြာ ရောင်စုံထွေးပြားနေသည့် အဝတ်ထုပ်ကြီးတွေနဲ့ အိုးခွက်ပန်းကန်ခွက်ယောက်တွေကို တွေ့နေရပါ တယ်။
ကလေးအမေတချို့ သူတို့ကလေးတွေကို ကျောပိုးထားတယ်။ အသက်လတ်ပိုင်းအမျိုးသမီးတချို့မှာ ဆောင့်ကြောင့်ထိုင်လျက်ပါ။
အဘိုးအို အဘွားအို သက်ကြီးပိုင်းတချို့ကျတော့ ပါးစပ်ပင် မပိတ်နိုင်ဘဲ လိုင်ဇာ ရုပ်မြင်သံကြားက ထုတ်လွွှင့်တဲ့ ဇာတ်လမ်းကို ၀ိုင်းကြည့်နေကြတယ်။
သူတို့တတွေဟာ မြန်မာစစ်တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ ဇွန်လ ၉ ရက်ကနေ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်ကြောင့်မို့လို့ နေရပ်စွန့်ခွာ ထွတ်ပြေးတိမ်းရှောင်လာတဲ့စစ်ပြေးဒုက္ခသည် တွေပါ။
လူအုပ်ကြီးနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ အမျိုးသမီးငယ်တဦးက တနှစ်သားအရွယ် ကလေးငယ်နဲ့ သူတို့ အိပ်ယာလို့ ခေါ်ရမယ့် ပလပ်စတစ်ဖျာတချပ်ဘေးမှာ ဆော့ကစားနေပါတယ်။ အသက် ၂၀ တောင်မပြည့်သေး တဲ့ အမျိုးသမီးငယ်ကတော့ လုတောင်ဖြစ်ပါတယ်။
“အို.. ငါ့ဘဝ ဘယ်လိုများ ရှေ့ဆက်သွားရမလဲ..။ ငါ့အစ်မလည်း ခြေ၊ လက် မသန်စွမ်း၊ ညီမတွေလည်း ငယ်သေးတယ်။ ခု ဘယ်လို ဒုက္ခများ ဆက်ကြံုရမလဲ။” သူ့ရဲ့ သောကတွေကို လုတောင် ပြန်ပြောပြတယ်။ စိတ်နှလုံး ညှိုးညှိုးငယ်ငယ်နဲ့ပဲ ဒုက္ခသည်စခန်းမှာ နေ့ရက်တွေ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ဖြတ်သန်း နေရအုံးမှာလဲ သူ တွေးပူနေပါတယ်။
ဇွန်လ (၁၅)ရက် မညီညာတဲ့မြေပေါ်က ဝါးထရံကာ သက်ကယ်မိုးထားတဲ့ ဆောက်လက်စ ၁၀ ပေ ပတ်လည် ဝါးအိမ်သေးသေးမှာ တစ်နှစ် အရွယ် ကလေးငယ်နဲ့ သူ့မိခင် အိပ်မောကျနေတယ်။
ဆမားမြို့နယ်ခွဲ၊ မိုင်ဆပ်ပါ ကျေးရွာအုပ်စု၊ လမိုင့်ယန်ရွာ တစ်ရွာလုံး တိတ်ဆိတ်နေတာ မိုး ဖွဲဖွဲ ရွာကျနေတာ ကလွဲပြီး ဘာသံမှ မကြားရဘူး။ အချိန်က မနက် ၃ နာရီခွဲ နေပြီ။
“ဝုန်း” အသံကြီးက အိပ်မောကျနေတဲ့ လမိုင့်ယန် တရွာလုံးကို လှန့်နိုးစေခဲ့တယ်။ ဒါမဲ့လို့ ကလေးမိခင် လုတောင်ကတော့ အိပ်လို့ ကောင်းနေဆဲပါ။ မနက် မိုး မသောက်ခင်မှာ လူလတ်ပိုင်းအရွယ် ပခုံးပေါ်ကြယ် နှစ်ပွင့်နဲ့ KIA ဗိုလ် တစ်ယောက် လုတောင်ရဲ့ အိမ်ဆီ ခြေလှမ်းကျဲကျဲနဲ့ ဦးတည်လာပါတယ်။
“လုတောင်၊ လုတောင်” ဆိုသည့် ခေါ်အော်သံနဲ့အတူ လုတောင်မှတ်မိနေတဲ့ လက်ကိုင်ဖုန်းတစ်ခု နှစ်ပွင့်ဗိုလ်က သူ့ကို လှမ်းပေးလိုက်တယ်။ “သွေးတွေ ပေနေတဲ့ လက်ကိုင်ဖုန်း။ ဘုရားသခင် သနားတော်မူပါ။”အာမေဍိတ်သံ နဲ့တူ လုတောင်မျက်နှာမှာ ဖြူဖတ်ဖြူရော ဖြစ်သွားတယ်။ နောက်တစ်ကိုယ်လုံးပျော့ခွေ သွားတယ်။ တဒုန်းဒုန်း ခုန်နေသည့် ရင်ကိုလက်နဲ့ဖိထားလျက်ပဲ သူ့အမျိုးသား တစ်ခုခု ဖြစ်နေပြီလား ဆိုသည့် အတွေးကလွှမ်းမိုး ထားတော့ ပတ်ဝန်းကျင််ကို မမြင်တော့ဘူး…။ KIA ဗိုလ်က သူ့အမျိုးသား မခေါ်လဆိုင်းနဲ့ ပတ်သက် ပြီး ဘာတစ်ခွန်း မှ ပြောမလာပါဘူး။ ဆေးရုံလိုက်သွားဖို့တစ်ခုပဲ ပြောလိုက်တယ်။
မခေါ်လဆိုင်းဟာ ၂၀၀၅ ခုနှစ်တွင် KIO ထဲဝင်ကတည်းက ယခုလက်ရှိ နမ်ဆမ်ယန်ကျေးရွာ၊ ဂျာအင်ယန် တိုက်နယ်ရုံးမှာ စာရေးအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ရှေ့တန်းထွက်နေတာ ၂၇ ရက်ပဲရှိသေးတယ် ဖြစ်တယ်။
လုတောင်မှာ အိပ်ပျော်နေတဲ့ ၁နှစ်ကျော် သားလေး ရိန်အောင်ကို ပိုးချီပြီး နှစ်ပွင့်ဗိုလ်နှင့်အတူ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အထက် ဝေကြိုင် ပြည်သူ့ဆေးရုံကို လိုက်သွားပါတယ်။ ဟိုရောက်တော့ လူနာကုတင်ပေါ်မှာအဝတ် ဖြူဖြူ နဲ့အုပ်ထားသည့် အလောင်း နှစ်လောင်းကို မြင်ရတော့တယ်။
“ဘယ်တစ်ယောက်လည်း ကျမ အမျိုးသား” သူ့မျက်လုံးဖြင့် ဝှေ့ရမ်း ရှာနေတယ်။ အလောင်း ဘေးပတ်ပတ် လည်မှာ ဆရာဝန်၊ ဆေးဆရာမများနဲ့ ဝိုင်းကြည့်နေကြတယ်။ သူမ ရောက်လာတော့ ရုတ်ရုတ်သဲသဲနဲ့ အလောင်း နားက လူတွေ ခွာသွားကြတယ်။
သူမ သိလိုက်ပါပြီ။ သူမ ပါးတပြင်လုံး မျက်ရည် ပေါက်ပေါက် စီးကျလာတယ်။ ကုတင်နားတိုးပြီးတော့ “ယောက်ကျားရေ ကျမတို့ သားအမိကို ထားခဲ့ပြီပေ့ါ”။ အော်ငိုရင်း မေ့မျော်သွားတယ်။
၂၀၀၉ခုနှစ်မှာ သူတို့နှစ်ဦး ဆွေမျိုးမိဘတွေသဘောမတူတဲ့ကြားကနေ အိမ်ထောင်ပြုခဲ့ကြတယ်။အိမ်ထောင် သက် ၃ နှစ်ထဲမှာပဲ လုတောင်တို့ သားအမိကို အဖေလုပ်တဲ့ KIO စာရေး မခေါ်လဆိုင်း နှုတ်မဆက်ဘဲထွက်ခွာ သွားခဲ့တယ်။
နောက်ထပ် ရုပ်အလောင်းတစ်ခုကတော့ KIA မှာ မိုင်းရှင်းတဲ့ တာဝန် ထမ်းဆောင်နေတဲ့ ဒုဗိုလ် ဆွမ်ခါ ဆိုင်းဒူရဲ့ ရုပ်အလောင်းပါ။
ကျဆုံးသွားသည့် KIA စစ်သားနှစ်ဦးဟာ ဆမားမြို့နယ်မှာ ရှေ့တန်းထွက်နေရင်း ဆွမ်းယန်ရွာနှင့်မိုင်ဆပ်ပါ ကျေးရွာကြားမှာ မိုင်းထိမိပြီး ကျဆုံးသွားတာဖြစ်တယ်။
လုတောင် သတိပြန်ရလာတော့ သူ့အမျိုးသားကို မိုင်ဆပ်ပါကျေးရွာမှာ သင်္ဂြီုလ်ဖို့ စီစဉ်နေပြီ။ ခုတော့ သူမဟာ သားလေးနဲ့တူ ပျောက်ဆုံးနေသည့် အနာဂတ်ကို ဘယ်လိုလျှောက်လှမ်းရမလဲ တွေးရင်းနဲ့ မျက်လုံးအိမ်ထဲ မျက်ရည်ဝဲလာပြီး အဝေးကို ငေးမောကြည့်နေပါတော့တယ်။
လုတောင်ရဲ့ ဖခင် မရမ်လ ဟာ ကွန်မြူနစ်ပါတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီးတော့ ၁၉၉၁ ခုနှစ်မှာမြန်မာစစ် တပ်မတော်က သူမတို့ အိမ်ရှေ့မှာဘဲ ဖမ်းဆီး ပစ်သတ်သွားခဲ့ပါတယ်။
စစ်ကြီး မပြီးသေးသ၍ လုတောင်တို့ အတွက် ဒုက္ခတွေ က မပြီးသေး။ လုတောင်တို့ ချစ်တဲ့မြေမှာ ယမ်းငွေ့တွေ သေနတ်သံတွေနဲ့ သွေးငြီးန့ံတွေ မပြယ်သေးသရွေ့ အိမ်ပြန်ရမယ့် အချိန်လည်းမရေမရာ ဖြစ်နေဦးမှာပါ။
အတန်ကြာ ငေးနေရင်းကနေ လုတောင်တစ်ယောက် သက်ပြင်းချပြီးစကား ဆက်ပြောလာတယ်။
“ကျမ သူငယ်ချင်း ထုဆမ်ကတော့ သူ့အမျိုးသား ဆိုင်းဒူရဲ့ အလောင်းကိုတောင် မမြင်လိုက်ရဘူး…။”