အသက် ခုနှစ်ဆယ်ကျော် အဖိုးအရွယ်တဦးက ခါးကိုင်းကိုင်းနဲ့ တယောက်တည်း လွိုင်ကော်မြို့နာရီ စင်ကုန်းအတက် ပလက်ဖောင်းပေါ်မှာခြေလျင် နဲ့ လမ်းလျှောက်တက်လာပါတယ်။
အသက် ခုနှစ်ဆယ်ကျော် အဖိုးအရွယ်တဦးက ခါးကိုင်းကိုင်းနဲ့ တယောက်တည်း လွိုင်ကော်မြို့ နာရီစင် ကုန်းအတက် ပလက်ဖောင်းပေါ်မှာ ခြေလျင်နဲ့ လမ်းလျှောက်တက်လာပါတယ်။ နှေးကွေးနေတဲ့ခြေလှမ်း တွေနဲ့ တလှမ်းချင်း လှမ်းလို့ နာရီစင် အထက်နားက မြန်မာ့ စီးပွားရေးဘဏ်ထဲကို ၀င်သွားပါ တယ်။ သူက လောပိတ ကျေးရွာကနေ တယောက်တည်း စက်ကြံုစီးပြီး လာခဲ့တာပါ။ လက်ထဲမှာ ညိုငြိငြိ အရောင်နဲ့ ဟောင်းနွမ်းနေတဲ့ ပင်စင်စာအုပ် အသေးလေးကို ကိုင်ထားပါတယ်။ အဖိုးက ကရင်နီ မျိုးနွယ်စုအနွယ်ထဲက ကယော လူမျိုးတဦးဖြစ်ပါတယ်။
အဖိုးလိုပဲ အဖိုးနဲ့ သက်တူရွယ်တူတွေကို တုန်တုန်ရီရီနဲ့ တယောက်ပြီးတယောက် ဘဏ်ထဲကိုဝင်လာကြ ပါတယ်။ သူတို့တွေက ဇူလိုင်လကနေစပြီး ပင်စင်လစာတိုးပေးမယ်လို့ ပြောသံကြားလို့ ဘဏ်ကို လာပြီး စုံစမ်းကြတာဖြစ်ပါတယ်။ အဲဒီ ဘဏ်ထဲမှာ လူတွေ ငွေထုတ်လာတဲ့သူတွေ ငွေစုတဲ့သူတွေ ငွေလွှဲသူတွေနဲ့ ပင်စင်လစာ ကိစ္စတွေနဲ့ လူတွေ တန်းစီလို့ ပြည့်နှက်နေပါတယ်။ အဖိုးက ဘဏ်ထဲမှာ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်နဲ့ သွားလာနေတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေပါတယ်။
ဘဏ်ဝန်ထမ်းတွေမှာလည်း အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ ရှုပ်နေလို့ အဖိုးတို့ သိချင်တဲ့ ပင်စင်လစာ ကိစ္စကို ဂရုမစိုက်အားပဲ ဖြစ်နေကြပါတယ်။ အဖိုးတို့ သိချင်တာတွေကို တော်တော်လေးကို အချိန်ယူခဲ့ကြရပါတယ်။
ဟောင်းနွမ်းနေသော ပင်စင်စာအုပ်နှင့် ပင်စင်တိုးခံစားခွင့်ရဖို့ ကြိုးစားနေကြသောသူများကိုတွေ့ရစဉ် (ဓါတ်ပုံ-ကယားလီဖု)
ဘဏ်ဝန်ထမ်းတဦးက “အနည်းဆုံး ဆယ်လ တကြိမ်ထုတ်နိုင်ရမယ်လေ။ အခု လာမထုတ်တာ ကြာနေပြီ ကင်းကွာသွားပြီ။ အဲဒါအတွက် သက်ဆိုင်ရာ ထောက်ခံစာတွေ အများကြီး ပြန်လုပ်ရအုံးမှာဖြစ်တယ်” လို့ ပြောပါတယ်။ ထောက်ခံစာတွေ လုပ်ဖို့ ရဲ့စခန်း၊ ရပ်ကွက်၊ မြို့နယ်၊ သက်ဆိုင်ရာ မိခင်ဌာန အသီးသီးက ပြန်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဖိုးက ၁၉၈၅ ခုနှစ်တုန်းက ပင်စင်ယူခဲ့ပြီး ပင်စင်လစာက ၅၉၇ ကျပ်ရခဲ့ပါ တယ်။ နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) ခေတ် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာတော့ ငွေတန်ဖိုး မရှိတော့လို့ ရွာကနေ မြို့ပေါ်ကို သွားလာတဲ့ စာရိတ်တွေနဲ့ မကိုက်လို့ တကူးတက လာမထုတ် ဖြစ်တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ပင်စင်ယူပြီး နှစ်ပေါင်း သုံးဆယ်အတွင်း ၀န်ထမ်းလစာတွေ တိုးလာပြီး ကုန်စျေးနှုန်းတွေလည်း ကြီးလာခဲ့ပေမယ့် ပင်စင်လစာမတိုးခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
အခု တိုးပေးမယ့် ပင်စင် လစာကတော့ သူတို့အတွက် အနည်းဆုံး ၀မ်းစာအတွက် တဖက်တလမ်း အထောက် အကူဖြစ်တယ်လို့ ဒု- ရဲတပ်ကြပ်နဲ့ ပင်စင်ယူခဲ့တဲ့ အဖိုးက ပြောပါတယ်။
“ဒီတစ်ခါ ရမယ့် ငွေက ဘာပဲဖြစ်ဖြစ် ဆန်တအိတ်ဖိုးစာတော့ ရတာပေါ့။ အရင်တုန်းက ပင်စင်လစာက ဘာမှ လုပ်လို့ရတာမဟုတ်ဘူး။ အဲဒါဆိုရင်တော့ ပင်စင် လာထုတ်ရတာတော့ တန်တာပေါ့။”
ဘဏ်ထဲက ထိုင်ခုံပေါ်မှာ ခဏထိုင်နားရင်းနဲ့ အဖိုးက မျက်နှာပေါ်က ချွေးတွေ သုတ်ရင်း ပြောသွားပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်လစာနဲ့ နိုင်ငံရေး ပင်စင်လစာတွေ တိုးမြင့်သတ်မှတ်ပေးမယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာ့ အစိုးရ အာဏာပိုင် သတင်းစာတွေ ရုပ်မြင်သံကြားတွေမှာ ထုတ်ပြန်ကြေငှာထားပြီး ဖြစ််ပါတယ်။ အဲဒီမှာ အငြိမ်းစား ၀န်ထမ်းတွေ သက်သာမှုရှိစေဖို့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ ပင်စင်ယူခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ယခုလက်ရှိ ၀န်ထမ်းတွေ ပင်စင်ယူတဲ့အကျိုးခံစားခွင့် အတိုင်း တိုးမြင့်ပေးမယ်လို့ ပြောထားပါတယ်။ အစိုးရသစ်တက်လာပြီးနောက်ပထမဆုံးခြေလှမ်းဖြစ် တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ကြေငြာထားတာကို တွေ့ရပါတယ်။
“၀န်ထမ်းတွေကိုပဲ လစာ တိုးပေးခဲ့ဖူးတာပါ။ ပင်စင်လစာကိုတော့ တိုးပေးတာ မရှိခဲ့ဖူးပါဘူး။ ဒါပထမ ဆုံးကြားဖူးတာဖြစ်ပါတယ်” လို့ ဘဏ်ဝန်ထမ်းတွေက ပြောပါတယ်။
စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် အဖိုးတဦးလည်း ပင်စင်ထုတ် စာအုပ်ပျောက်နေလို့ စာအုပ်အသစ်ပြန်လုပ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုတွေ ပြန်လုပ်ရမလဲဆိုတာကို လာပြီးစုံစမ်းနေတာဖြစ်ပါ တယ်။ ခေတ်ကာလနဲ့ ရရှိခဲ့တဲ့ ပင်စင်လစာက ဘာမှ သုံးစားလို့ မလောက်ခဲ့လို့လည်း ပင်စင်ထုတ်စာအုပ်ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာရင်းပြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ပေမယ့် သက်ကြီးရွယ်အိုဖြစ်တဲ့အချိန် အကျိုးခံစားခွင့်က ထိုက်တန်စွာ မရခဲ့ကြတဲ့အကြောင်း အိုးမဲ့ အိမ်မဲ့ အလုပ် လက်မဲ့ ဖြစ်ခဲ့ရလို့ ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲဆိုတာတွေကို ပင်စင်ကိစ္စနဲ့ ဘဏ်ကိုလာကြတဲ့ အဖိုးတို့က တယောက်နဲ့တယောက် ပြောနေကြပါတယ်။
စစ်မှုထမ်းဟောင်း ဒု-တပ်ကြပ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အဖိုးက “ဟိုတုန်းကဆိုရင် ရာထူးတရစ်တက် ဖို့ဆိုတာ မလွယ်ဘူး။ အသက်နဲ့ လှဲပြီး တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ ပင်စင်ယူတဲ့ အချိန်မှာတော့ စျေးပတ်လိုက်ပြီး အလုပ်လုပ်ခဲ့ရတယ်” လို့ ပြောပါတယ်။
အဖိုးတို့က အစိုးရ ဘဏ်အဆောက်အဦးရှေ့ရဲ့ လူသွားလမ်း ပလက်ဖောင်းပေါ်မှာ တယောက်နဲ့တယောက် ရင်ဖွင့် နေကြလို့ပါပဲ။ သက်ကြီး ရွယ်အိုဖြစ်နေကြပြီဖြစ်တဲ့ သူတို့တွေအတွက် သက်ဆိုင်ရာ ဌာနတွေကို သွားလာလှုပ်ရှားဖို့ ခက်ခက်ခဲခဲနဲ့ အချိန်ယူ ပြန်လုပ်ကြရအုံးမယ့် အခြေအနေမှာ ဖြစ်နေလို့ အဖိုးတို့မှာ ဒီပင်စင်လစာတိုး အကျိုးခံစားခွင့် ပြန်ရဖို့ ပင်ပန်းစွာ ရုန်းကန်နေကြရအုံးမှာ ဖြစ်ပါတယ်။