အာဆီယံ အမတ်များ အစည်းအဝေး မြန်မာအမတ်များ တက်မည်

အာဆီယံ အမတ်များ အစည်းအဝေး မြန်မာအမတ်များ တက်မည်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ စက်တင်ဘာလတွင်း ကျင်းပမည့် အာဆီယံ အမတ်များ ညီလာခံသို့ မြန်မာလွှတ်တော် အမတ်များ တက်ရောက်မှာ ဖြစ်သည်။

စက်တင်ဘာ ၁၈ မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ အမတ်များ ညီလာခံ (ASEAN Inter-Parlimentrary Assembly-AIPA) ၏ ၃၂ ကြိမ်မြောက် အထွေထွေ ညီလာခံသို့ အထက်လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်ပြီး အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် အတူ တိုင်းရင်းသား ပါတီအချို့မှ အမတ်များ သွားတက်မည်ဟု လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူဒေါက်တာအေးမောင်က ပြောသည်။

အာဆီယံ အသင်းကြီးနှင့် ဆက်စပ်အဖွဲ့တခုဖြစ်သော AIPA တွင် မြန်မာနိုင်ငံက အထူးလေ့လာသူ အဖြစ်မှအမြဲတမ်း အဖွဲ့ဝင် ဖြစ်လာစေရန် ကြိုးပမ်းနေရာ ဖနွမ်းပင် ညီလာခံတွင် မြန်မာကို အဖွဲ့ဝင်ဖြစ်ရေး အဆုံးအဖြတ်ပေးဖွယ် ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် AIPA တွင် အဖွဲ့ဝင်ဖြစ်လာပါက ဒေသတွင်း နိုင်ငံများ အကြား ဒီမိုကရေစီ ကျင့်သုံးလိုက်နာမှုမြှင့်တင်ရေး ဆွေးနွေး လုပ်ဆောင်မှုများတွင် အကန့်အသတ် ရှိလာနိုင်ကြောင်း မြန်မာ့အရေး စင်ပြိုင်အာဆီယံ ကွန်ယက် ALTSEAN Burma အဖွဲ့က ပြောဆိုသည်။

“AIPAက တချို့နိုင်ငံတွေက မမျှတတဲ့ ရွေးကောက်ပွဲ တက်လာတဲ့ သူတွေလည်းရှိတော့အဲဒီသူတွေ ကတော့ သူတို့ထက်ဆိုးတဲ့ မြန်မာက အဖွဲ့ဝင် ဖြစ်လာတော့ ပျော်တာပေါ့။ အဲဒါက ဘာဖြစ်လာမလဲ ဆိုတော့ အာဆီယံ အတွင်းမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ လိုက်နာရမယ့် ဟာတွေ မြှင့်တင်ဖို့အတွက် ဆွေးနွေးလို့ မရနိုင်တော့ဘူး” ဟု ALTSEAN အဖွဲ့၏  ပူးပေါင်းညှိနှိုင်းရေးမှူး မစ္စ ဒက်ဘီ စတော့ဟဒ် (Debbie Stothard) က ပြောသည်။

ပထမဆုံးအကြိမ်အဖြစ်  မြန်မာအမတ်များကို AIPA ၏ အထွေထွေ ညီလာခံသို့ တက်ရောက်ခွင့် ရတာဖြစ်ပြီး ယခင် စစ်အစိုးရ လက်ထက်၌ တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကိုသာတက်ရောက် ခဲ့သည်။

ထိုစဉ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရသော်လည်း အသိအမှတ် မပြုခံရသော အဝေးရောက် လွှတ်တော် အမတ်များ သမဂ္ဂ (မြန်မာနိုင်ငံ) MPU ကလည်း AIPA သို့ ဝင်ရောက်ရန်  ကြိုးပမ်းခဲ့သေးသည်။

“လက်ခံတာကို ကန့်ကွက်စရာ မရှိပါဘူး၊ သို့သော် ဗမာပြည်ရဲ့ လွှတ်တော်အမတ်တွေကပြည်သူလူထ ုရဲ့ အသံ အစစ်အမှန်တွေကို တင်ပြနိုင်မလား ဆိုတဲ့ အပေါ်မှာတော့့ သံသယရှိပါတယ်” ဟု မြန်မာ့ အရေး ကို AIPA သို့ တင်ပြ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဘူးသည့် MPU အဖွဲ့ဝင် ဒေါက်တာတင့်ဆွေက ပြောသည်။

အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမှ အနိုင်ရလာသည့် လွှတ်တော်အမတ်များ AIPA ညီလာခံသို့ တက်ရောက်မည့် အပေါ်  အဖွဲ့ဝင် နိုင်ငံအချို့က မကြေလည် ဖြစ်ကြသည်ဟုလည်း  ALTSEAN ဆိုသည်။

မြန်မာက အာဆီယံသို့ ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်ကပင် AIPA တွင်လည်း ပါဝင်ခဲ့သည်။အဖွဲ့ဝင် များ အဖြစ် အာဆီယံ ၁၀ နိုင်ငံမှ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံ၊ ဘရူနိုင်း နိုင်ငံတို့ ပါဝင်ပြီး  မြန်မာနိုင်ငံ တခုတည်းသာလျှင် အထူးလေ့လာသူ နိုင်ငံအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။

AIPA အား ဒေသတွင်းနှင့် ပြင်ပရှိ လွှတ်တော်အမတ်များ အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်၁၉၇၇ ခုနှစ်တွင် အာဆီယံ လွှတ်တော် အမတ်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တနှစ်တကြိမ် အထွေထွေ ညီလာခံကို အဖွဲ့ဝင် နိုင်ငံများက အလှည့်ကျ ကျင်းပလေ့ရှိပြီး အိမ်ရှင်အဖြစ်လက်ခံကျင်း ပသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။

အဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တော်အမတ်များ တက်ရောက်ကာ အာဆီယံ ဒေသတွင်းရှိ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသမီး အခွင့်အရေး၊ ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ မူးယစ်ဆေးဝါး နှိမ်နှင်း ကိစ္စရပ်များ အပေါ် ဆွေးနွေးကြသည်။