ချင်းမိုင်(မဇ္စျိမ) ။ ။ အတိုက်အခံဟစ်ဟော့ အဆိုတော် ဇေယျာသော်ကို ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် ပြုလုပ်မည့် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက်စင်မြင့်ဂီတ ဖျော်ဖြေပွဲတွင် ပါ၀င်သီဆိုခြင်း မပြုရန် ရဲက ပိတ်ပင်လိုက်သည်။
လူငယ်အဆိုတော်များ ပူးပေါင်း၍ ဘိုးဘွားများ ရန်ပုံငွေရှာရေး ဂီတဖျော်ပြေပွဲကို လာမည့် စနေနေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ရန် စီစဉ်ထားရာ ပွဲမိန့်ကျပြီးသော်လည်း ပွဲစီစဉ်သူများကို မင်္ဂလာတောင်ညွန်မြို့နယ် ရဲစခန်းက ခေါ်ယူ၍ ဇေယျာသော် မပါအောင် တားမြစ်ခြင်း ဖြစ်သည်။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နာရေးကူညီမှု အသင်း အတွင်းရေးမှူးလည်းဖြစ်သူ စာရေးဆရာမဒေါ်သန်းမြင့်အောင်က ဦးစီး ဖွင့်လှစ်ထားသည့် ရိပ်သာ ဖြစ်သည်။
“ဇေယျာသော် သီဆိုမယ်ဆိုရင် ပါမစ်ပြန်သိမ်းရပါမယ်။ အဲဒီတော့ ပွဲစီစဉ်တဲ့သူတွေက သူတို့မှာဂီတအစည်း အရုံးက ပိတ်ပင်ထားတဲ့ စာတွေက မရှိဘူး။ ဘယ်အဖွဲ့အစည်းက ပိတ်တယ်လို့ ပြန်မေးတော့ အထက်က ပိတ်ခိုင်းတဲ့ အတွက်ကြောင့်မလို့ သူတို့ ပြောလို့ မရပါဘူးဆိုပြီး ပြန်ဖြေတယ်တဲ့” ဟု ကိုဇေယျာသော်က မဇ္စျိမကို ပြောသည်။
ပွဲအစီအစဉ် မပျက်လိုသည့် အတွက် သုံးနှစ် အကျဉ်းချခံခဲ့ရသော အသက် ၃၁ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသားဟောင်း ပါဝင်ဖျော်ဖြေခြင်း မပြုပါဟု ကတိလက်မှတ် ရေးထိုးခဲ့ရသည်။
“လက်ရှိ အခြေအနေမှာကတော့ မိမိကို မိမိလည်း ဒီမိုကရက်တစ် အစိုးရတရပ်လို့ ကြေငြာထားတဲ့အတွက် ကြောင့် အခုလုပ်တဲ့ ဖြေရှင်းတဲ့ ပုံစံမျိုးနဲ့ မပြတ်သွားပါဘူး။ ဒါကြောင့် ကျနော့်ကို ဒီလိုပိတ်ပင်တယ် ၊ တားဆီးတယ်ဆိုတာကို ဘယ်သူက ပိတ်ပင်တယ်။ ဘာကြောင့် ပိတ်ပင်တယ်၊ ဘယ်အဖွဲ့အစည်းက ပိတ်ပင်တယ်ဆိုတဲ့ တိကျတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရပါမယ်”ဟု ကိုဇေယျာသော်က ပြောသည်။
အသက်ကြီး၍ မိသားစုက စွန့်ပစ်ထားခြင်း ခံရသည့် သူများ၊ မိသားစုမှ မကျွေးမွေးနိုင်သဖြင့် လမ်းဘေး၌ စွန့်ပစ်ခံထားရသူ စသည့် ဘိုးဘွားများကိုသာ ရွေးချယ်ပြီး ထိန်းသိမ်း စောင့်ရှောက်ထားသော ဆည်းဆာ ရိပ်တွင် ဘိုးဘွားစုစုပေါင်း ၂၄ ဦးရှိပြီး အသက် ရ၀ နှစ်ကျော်မှ ၉၀ နှစ်ကျော်များ ဖြစ်သည်။
“လိုနေတာက အဆောက်အဦးတခု ထပ်ဆောက်တယ်။ ရန်ပုံငွေ အများကြီးမှ မရှိဘဲ။ ဂီလာနတွေ ဖြစ်နေ တော့ ကျန်းမာရေး စရိတ်တွေက ပိုကုန်တယ်။ အဲဒီအတွက် ပိုလိုအပ်နေတာပါ”ဟု ရိပ်သာ၏ တွဲဘက် အတွင်းရေးမှူးဖြစ်သူ စာရေးဆရာမ ဒေါက်တာထားထားက မဇ္စျိမကို ပြောသည်။
ကျန်းမာရေးစရိတ် စောင့်ရှောက်ရန်အတွက် ရန်ပုံငွေ လိုအပ်နေသလို၊ အဆောက်အဦး တိုးချဲ့ဆောက်လုပ် ရန် အတွက် ရန်ပုံငွေ လိုအပ်နေသည်ဟု သူက ပြောသည်။
သြဂုုတ် ၆ ရက်နေ့ ညနေ ၃ နာရီတွင် စတင်မည့် ဖျော်ဖြေပွဲတွင် အက်ဆစ်၊ ဂျေမီ၊ ရသ၊ အဆိုတော် ဆောင်းဦးလှိုင်၊ ချစ်ကောင်း၊ သားထွေး၊ သျှီ၊ မေခလာ၊ ဆုန်သင်းပါ(ရ်)၊ စန္ဒီမြင့်လွင်၊ ကျားပေါက် စသည့် အဆိုတော်များ အများအပြား ပါဝင်သီဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဇေယျာသော်သည် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave ကို ဖွဲ့စည်းခဲ့ရာမတရား အသင်း ထူထောင်မှုနှင့် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုများဖြင့် ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ထောင်ချခံရပြီး ထောင်ဒဏ် ၄ နှစ်ချမှသည် ယခုနှစ် မေလတွင်းက သမ္မတ၏ တနှစ်လျော့ပေါ့ပေးမှုဖြင့်လွတ်မြောက်လာ ခဲ့သည်။