ဖွဲ့စည်းပုံနှင့် အညီ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန် တောင်းဆိုသူ ကျေးရွာသားများ တရားစွဲခံရ

ဖွဲ့စည်းပုံနှင့် အညီ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန် တောင်းဆိုသူ ကျေးရွာသားများ တရားစွဲခံရ
by -
နိရဥ္စရာ သတင်းဌာန

အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် အညီ ခန့်အပ်ရန် တောင်း ဆိုသူ မင်းပြားမြို့နယ်မှ ရွာသားများမှာ တရားစွဲ ခံရပြီး ယခုအခါ အမူ ရင်ဆိုင် နေကြရကြောင်း သတင်း ရရှိသည်။

တရားစွဲခံရသူ ကျေးရွာသားမှာ (၇) ဦး ဖြစ်ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်းပုန်းချောင်း ကျေးရွာ အုပ်စု၊ ချောင်းချေ ကျေးရွာအုပ်စု၊ သက်ဖုန်းကျေးရွာ အုပ်စုမှ ဖြစ်ကြသည်။ သူတို့အား တရား စွဲဆိုသူများမှာ အဆိုပါ အုပ််စုများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ရွာသား တစ်ဦးက ပြောသည်။
Min-Bya-temple
" ရွာသား (၇) ဦးကို တရားစွဲဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ သင်းပုန်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းကြီး၊ ချောင်းချေ ကျေးရွာက ဆိုရင် ဦးစောလှအောင်နဲ့ နောက်တယောက်က သက်ဖုန်းကျေးရွာ အုပ်စုက ဦးစိန်ကျော်ဝင်း ဖြစ်ကြပါတယ်။ မဟုတ်မမှန် လိမ်လည်ပြီးတော့ကျေးရွာ အုပ်ချုပ်ရေးမှူးကို သိက္ခာချတယ်ဆိုပြီး တရားစွဲဆိုတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

သူတို့ (၇) ဦးအား ကျေးရွာသားများကို ခေါင်းဆောင်ပြီး အထက်သို့ မဟုတ်မမှန် လိမ်လည်တိုင်ကြား သည်ဟု စွပ်စွဲပြီး အုပ်ချုပ်ရေးမှူးများက တရားစွဲဆိုခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" အဲဒီ ကျေးရွာ အုပ်စု (၃) စုက ရွာသားတွေ အကုန်လုံး လက်မှတ်ထိုးပြီး အခု ခန့်အပ်လိုက်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက ခန့်အပ်ထားတဲ့ ရယက ဥက္ကဌ အဟောင်းတွေ ဖြစ်တယ်။ သူတို့ အနေနဲ့ ကျေးရွာတွေ တိုးတက်ရေး အတွက် ဘာမှ လုပ်ကိုင်ပေးနိုင်တာ မရှိတာကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ် ပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၉ နဲ့ အညီ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်ပေးဖို့ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးကို ဧပြီလ အတွင်းက စာတင်တယ်။ ခုလို စာတင်တဲ့ အပေါ် ကျေးရွာ အုပ်ချုပ်မှူးတွေက မကျေနပ်တာကြောင့် ရွာသားတွေထဲက ခေါင်းဆောင်သူ (၇)ဦးကို ရွှေးချယ်ပြီး ပြန် တရားစွဲဆိုခဲ့တဲ့ အမူ ဖြစ်ပါတယ်။ အခု သူတို့အမူကို မင်းပြားမြို့နယ် တရားရုံးက လက်ခံပြီး အမူကို စစ်ဆေးနေပါတယ်" ဟု ပြောသည်။

နအဖ စစ်အစိုးရ ရေးဆွဲ အတည်ပြုသော ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၉ ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ရာတွင် ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို ဥပဒေနှင့် အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါရှိသဖြင့် အဆိုပါ ဥပဒေနှင့် အညီ ခန့်အပ်ရန် ကျေးရွာသားများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

" အဲဒီအမှုကို ဂျူလိုင်လ ၂၉ ရက်နေ့က မင်းပြားမြို့နယ် တရားရုံးက စတင် စစ်ဆေးခဲ့ပါတယ်။ သြဂတ်စ် ၂ ရက်နေ့ အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ အမူက ပုဒ်မ ၂၁၁ ဖြစ်ပါတယ်။ ပုဒ်မ ၂၁၁ ကတော့ မဟုတ်မမှန် လိမ်လည် ပြောဆိုမူလို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

တရားစွဲခံရသူ ရွာသား (၇) ဦးမှာ သင်ပုန်းချောင်းအုပ်စု အပိုင် ဇီးပင်ကြီးရွာက ၁ ဦးနှင့် ခွဆုံ ကျေးရွာက တစ်ဦး ဖြစ်ပြီး ချောင်းချေ ကျေးရွာအုပ်စုမှ လေးဦးနှင့် သက်ဖုန်းကျေးရွာအုပ်စုမှ တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် မကိုက်ညီသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့် အညီ ခန့်အပ်ရန် တောင်းဆိုသူ ကျေးရွာသား (၇) ဦးကို တရားစွဲသည့် အမူကို တရားရုံးက အမူလက်ခံပြီး တရားစစ်ဆေး နေခြင်း အပေါ် မင်းပြားမြို့နယ်တွင် လူအများက အမျိုးမျိုး ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သိရသည်။

Most read this week