ကားခမြင့်၍ စစ်တွေ တက္ကသိုလ်တွင် ရုုန်းရင်း ဆန်ခတ်ဖြစ်

ကားခမြင့်၍ စစ်တွေ တက္ကသိုလ်တွင် ရုုန်းရင်း ဆန်ခတ်ဖြစ်
by -
ထွန်းထွန်း

စစ်တွေ တက္ကသိုလ်တွင် ပြေးဆွဲနေသော သုံးဘီး ကားခကို ရုတ်တရက် မြင့်တင် လိုက်သဖြင့် ကျောင်းသားများနှင့် သုံးဘီးသမားများ အကြား စကားများရာမှ ရုန်းရင်း ဆန်ခတ်မူ တစ်ခုဖြစ်ပွား ခဲ့သည်။

အဆိုပါ ရုန်းရင်း ဆန်ခတ်မူမှာ ယနေ့ နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား တစ်ဦးက ပြောသည်။

Sittwe-University-student"အခင်းဖြစ်တာက စစ်တွေ တက္ကသိုလ် ကျောင်းရှေ့မှာပါ။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဖြစ်တာပါ။ အမြဲသွားနေကျ သုံးဘီး ကားခကို ၁၀၀ ကနေ ကျပ် ၂၀၀ ထိ ကောက်ကာ ငင်ကာ တိုးလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ အဲသလို တိုးလိုက်တဲ့ အပေါ် ကျောင်းသားတွေဟာ ဒေါပွပြီး ပြဿနာ စဖြစ်တာ ပါဘဲ" ဟု သူက ပြောသည်။

ပြဿနာ ဖြစ်ပွားသဖြင့် ကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ချက်ချင်း သက်ဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး လူစုခွဲကာ ကျောင်းကိုလည်း ခေတ္တပိတ်ထားလိုက်ရသည်ဟု သူက ပြောသည်။

"ကားသမားနဲ့ ကျောင်းသားတွေ ပြဿနာ ဖြစ်နေချိန်မှာ ကျောင်းတံခါးတွေကို ပိတ်ပစ်လိုက်ပါတယ်။ ကျောင်းထဲ ရှိတဲ့ ကျောင်းသားတွေကိုလည်း အပြင်ထွက်ခွင့် မပေးတော့ဘူး။ အခင်းဖြစ်ပွားပြီး တနာရီ ကျော်ကြာမှ ပြဿနာကို ပြေလည်သွားပုံရပါတယ်။ နောက်တော့ ကျောင်းသားတွေကို ကားတွေနဲ့ စီစဉ်ပြီး အိမ်ပြန်ပို့ပေးပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ကျောင်းကားခ တိုးမြှင့်လိုက်သည်ကို မကျေနပ်သော ကျောင်းသား ၃၀ ခန့်ကတက္ကသိုလ်မုတ် မှ မီးစက် လမ်းဆုံထိ ခြေကျင် ချီတက်ကာ သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖေါ် ပြသခဲ့သည်ဟု တခြား ကျောင်းသား တစ်ဦးက ပြောသည်။

" ကျွန်တော်တို့က ကျောင်းကနေ မီးစက်ခွဆုံထိ လမ်းလျှောက်ပြီး မကျေနပ်ချက်ကို ထုတ်ဖေါ် လိုက်ပါတယ်။ မီးစက် လမ်းဆုံ ရောက်တဲ့ အခါ ဆရာ ဆရာမတွေ လိုက်လာပြီး ကားတွေနဲ့ အိမ်တွေကို လိုက်ပို့ပေးပါတယ်။ အခု အခြေအနေက အေးအေးဆေးဆေးနဲ့ ပီးသွားပါပြီ" ဟု ပြောသည်။

ယခုအခါအဆိုပါ ကားခစျေးကြီးမှုအပေါ် ပြဿနာ ဆက်တက်မည်ကို စိုးရိမ်၍ နေရာတချို့တွင် သက်ဆိုင်ရာမှ ရဲနှင့် ထောက်လှမ်းရေးများကို ချထားပြီး လုံခြံုရေးကို တိုးမြှင့်ထားသည်ဟု သိရသည်။

ကားခစျေး ကျပ် ၂၀၀ ထိတိုးကောက်မူကို လျော့ချပေးမည် ဖြစ်ကြောင်း ကျောင်းအာဏာပိုင်များက ကတိပြု ပြောကြားခဲ့သည်ဟု သိရသည်။

Most read this week