ပြင်ပတရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင် တားမြစ်

ပြင်ပတရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင် တားမြစ်
by -
သျှမ်းသံတော်ဆင့်

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်လိုသော နိုင်ငံရေးပါတီများ ပြင်ပတရားမဝင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း မပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

witetigerlogo
“နိုင်ငံရေးပါတီတွေက တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့မရဘူး။ ငြိမ်းချမ်းရေး အတွက် အကျိုးဆောင်ချင်ရင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မှာတင်ပြပါ။ အဲကနေတဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါ။ ဥပဒေဘောင်တွင်းကနေလုပ်ပါလို့ ပြောတယ်” ဟု ကျားဖြူပါတီမှ စီးပွားရေးတာဝန်ခံ ဦးစောသန်းမြင့် က ပြောပါသည်။

ဂျူလိုင် ၂၇ ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ခေါ်ယူတွေ့ဆုံစဉ် ကျားဖြူပါ တီ က မည်သည့်ရွေးကောက်ပွဲကော်မရှင်မဆို လိုက်နာရမည့် ရွေးကောက်ပွဲဥပဒေတစ်ခုတည်း ထုတ်ပြန်စေလို ကြောင်းနှင့် သျှမ်းပြည်တွင်း မငြိမ်းချမ်းသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်ငြိမ်းချမ်းရေး အတွက် ပါဝင်လုပ်ဆောင်လိုကြောင်း တင်ပြခဲ့သည်ဟု ဆို၏။

ငြိမ်းချမ်းရေးအတွက် သာမက လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အချက်အလက်များ နေ့စဉ်ရက်ဆက် စုဆောင်း နေကြောင်း၊ ရရှိလာသော အချက်အလက်များကို မှန်/မမှန် ပြန်လည်ဆန်းစစ်ကာ  နေ့ရက် အချိန်နှင့် မှတ်တမ်း တင်ထားကြောင်း ဦးစောသန်းမြင့် က ဆက်ပြောပါသည်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သျှမ်းပြည်ဝန်ကြီးချုပ်ဆီ တင်ပြထားပေမဲ့ လက်ရှိအနေအထားက ပြည်နယ် ဝန်ကြီး ချုပ်က လုပ်ဆောင်လို့ရတဲ့အပိုင်း ဖြေရှင်းပေးနိုင်တဲ့အပိုင်း မရှိဘူးလေ။ ပြည်ထောင်စုလွှတ်တော်ကဘဲ ဆုံးဖြတ်နိုင် တယ်။ ဒါကြောင့် ကဏ္ဍာအလိုက်ခွဲပြီး စက်တင်ဘာလလောက်မှာခေါ်မဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြမယ်”

ဂျူလိုင်လဆန်းပိုင်း ခမရ ၅၁၃ မှ ကိုယ်ဝန်ဆောင် သျှမ်းအမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းအမျိုးသမီးရေးရာဆက် သွယ် လှုပ် ရှားဆောင်ရွက်ရေးအသင်း၏ အစီရင်ခံစာတစ်စောင်တွင် ရေးသားထားသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က ဒေသခံ ရွာသူရွာသားများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ရှေ့ဆောင်လမ်းပြ လုပ် ခိုင်း ခြင်း၊ ဒေသခံများ၏ ဆန်၊ ကြက်၊ ဝက်တို့ကို ယူငင်စားသောက်ခြင်း၊ အမျိုးသမီးများအားအဓမ္မပြု ကျင့်ခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာစစ်တပ် ထိုးစစ်ဆင်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက် တိုက်ကျူးလွန်ခဲ့သောကြောင့် လဲချားပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင် က သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်ထံ ဂျူလိုင်လလယ်ပိုင်းက တင်ပြခဲ့သည်။

Most read this week