ကချင်ပြည်နယ်တောင်ပိုင်း မန်မော် (ဗန်းမော်)ခရိုင်၊ မန်ဂျေ(မံစီ)မြို့နယ် မုံခေါင်(Mung Hkawng)ကျေးရွာ ၌ ဇူလိုင် ၂၈ ရက်တွင် မြန်မာစစ်တပ်အချင်ချင်း မော်တာကျည်ဆံဖြင့် အပြန်အလှန်ပစ်ခတ်သည်ဟု သိရသည်။
ဆားမှော်နယ်မြေခံ ခလရ (၁၀၅)၏ မုံခေါင်ရောက် လှုပ်ရှားစစ်ကြောင်းတစ်ခုသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်း မုံခေါင်အနီး ပန်ဆပ်(Pang Sap)ကျေးရွာ အောက်ပိုင်း၊ ကျွန်းသစ်စိုက်ကွင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏ လုံခြုံရေးမိုင်း နင်းမိသည်။
ဇူလိုင် ၂၈ ရက် ဗုံးပေါက်သည့်နေရာတွင် နေရာယူနေဆဲ မြန်မာတပ်များအား KIA တပ်ရင်း ၂၇ က ပစ်ခတ် သွားပြီးနောက် မုံခေါင်ရှိမြန်မာတပ်နှင့် မြန်မာစစ်ကြောင်းတပ်များကြား မော်တာကျည်ဆံဖြင့် အပြန်အလှန် ပစ်ခတ် ကြခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးပြောသည်။
“အဲဒီစစ်ကြောင်းက မုံခေါင်ရွာထဲကို လက်နက်ကြီးနဲ့ လေးခါပစ်ထည့်လိုက်ကြတယ်တဲ့ မနေ့က ၂ နာရီခွဲလောက်မှာ မော်တာကျည်က စာသင်ကျောင်းနားမှာ တစ်ခု၊ ရပ်ကွက် ၄ မှာတစ်ခု၊ RCM (Roman Catholic Mission) ဘုရားရှိခိုးကျောင်းနားမှာ တစ်ခု၊ သူတို့(ခလရ၁၀၅)စစ်တပ် နားမှာတစ်ခု၊ ၁၀၅ တွေအချင်းချင်း၊ ဒီလိုနဲ့ မုံခေါင်ဘက်က ပြန်ပစ််လိုက်၊ ၂ ခေါက်တောင်” ကျောင်းစာသင်ချိန်တွင် ကျည်ပေါက်ကွဲသံကြောင့် အလန့်တကြား ၀ပ် ကြရသည်ဟု မုံခေါင်အထက်တန်းကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူများမှ တဆင့်သိရသည်။
မုံခေါင် တပ်စခန်းမှ တပ်ကူရောက် မ လာသည့်အတွက် မြန်မာတပ်အချင်းချင်း ရှေ့တန်းစစ်ကြောင်းက နောက်တန်းကို တမင်တကာ ပစ်လိုက်ပုံရသည်ဟု KIA အရာရှိက ထင်မြင်သည်။
မုံခေါင် ခလရ ၁၀၅ တပ်စခန်းနှင့် ၎င်းတို့ရှေ့တန်းစစ်ကြောင်းမှာ သုံးမိုင်ခန့် ကွာဝေးကြကာ မြေပြန့်တွင် ဖြစ်သည်ဟုလည်း သိရသည်။ သေကြေဒဏ်ရာရမှု ရှိမရှိ မ သိရပါ။