ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြံုခိုတိုက်

ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြံုခိုတိုက်
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP  ဌာနချုပ်ကို ပိတ်ဆို့ဝန်းရံထားသည့် အစိုးရ တပ်ကို စစ်ကူပေးရန်လာသော စစ်ယာဉ်တန်း တခုကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-Sက ဗုဒ္ဓဟူးနေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

“ စစ်ရေးအရ တဖက်နဲ့ တဘက် ကူညီတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ တိုက်ရိုက်အကူအညီ မပေးနိုင်တာတောင်မှ ကျနော်တို့ ရှိနေတဲ့ ဒေသတဝိုက်မှာ ကျနော်တို့ ရန်သူတွေကို တိုက်ခိုက်ခြင်း အားဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်မျက်နှာပြင်တွေကို ကျနော်တို့ အကူအညီပေးခြင်း ဖြစ်ပါတယ်” ဟုဗိုလ်မှူး စိုင်းလောင် ဆိုင်က မဇ္စျိမကို ပြောသည်။

ရှမ်းပြည်တပ်မတော်-တောင်ပိုင်းက မဟာမိတ်အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟုလည်း ခေါ်တွင်သည့် ဗဟိုအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အဖွဲ့ကို ကူညီမှုဟုရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှကလည်း SSA-S ၏ ခြုံခို တိုက်ခိုက်မှုသည် SSPP ကို စစ်ရေးအရ တနည်းတလမ်းဖြင့် အကူအညီပေးခြင်း ဖြစ်ကြောင်း သဘောတူညီသည်။

SSPP ဝမ်ဟိုင်းဌာနချူပ် တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝမ်ကျိန်းကျေးရွာအုပ်စုအတွင်း ၁ဝ မိနစ်ကြာ ဖြစ်ပွားသည့် ခြုံခို တိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့ အခြေစိုက် စကခ ၂ လက်အောက်ခံ ခမရ ၅၇၇ မှ ဗိုလ်မှူးကြီး ဝင်းညွန့်နှင့် တပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

သို့သော်လည်း မဇ္ဇျိမအနေနှင့် သီးခြားအတည်ပြုချက် မရရှိနိုင်ပါ။

ထိုနေ့တွင်ပင် ထော်လာဂျီကား ၅ စီးကို ချောဆွဲပြီး မိုင်းတုံတပ်စခန်းသို့ ရိက္ခာပို့သည့် ခမရ ၃၂၅ တပ်ကို SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်က ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ပထမအကြိမ် တိုက်ခိုက်မှုတွင် တပ်သား တဦး ကျဆုံးပြီး၊ တပ်ကြပ်တဦး၊ ဒု တပ်ကြပ်တဦး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိကာ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ အများအပြား ရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း သူက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစ၍ အစိုးရတပ်က SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ၁၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတတကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ယနေ့တိုင်
 ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ  ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားသော်လည်း စခန်းသိမ်း ထိုးစစ်ဆင်မှု မဖြစ်ပွားသေးကြောင်း SSPP က ပြောသည်။

တနင်္လာနေ့က အစိုးရတပ်က ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်ဟုဆိုကာ SSPP က လက်မခံခဲ့ပေ။