ဆန်ရှင် ဆန့်ကျင်ရေးလုပ်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

ဆန်ရှင် ဆန့်ကျင်ရေးလုပ်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။      ။ လူ့အခွင့်အရေးချိုးဖောက်မှု ကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်သော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးတွင် နိုင်ငံရေး ပါတီများ ပါဝင် လုပ်ဆောင်ကြရန် နေပြည်တော်တွင် ဗုဒ္ဓဟူး နေ့က ၃၇ ပါတီနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက်သည်။

စီးပွားရေး ပိတ်ဆို့မှုသည် အစိုးရနှင့် နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံမထိခိုက်ကြောင်းနှင့်ပြည်သူ လူထုများ ကို ထိခိုက်သဖြင့် ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီ ဆောင်ရွက်သွားဖို့ လိုသည်ဟု ပြောကြား သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်သာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

UEC-Tin-Aye“ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေး မဖွ့ံဖြိုးအောင်၊ မတိုးတက်အောင် အဟန့်အတား ဖြစ်နေတာက တချို့နိုင်ငံကြီးတွေက ဆန်ရှင်လုပ်ထားတာ။ ဆန်ရှင်ဆိုတာ တချို့က ပြောကြတယ်။ အစိုးရရဲ့စီးပွားရေး သမားတွေပဲ ထိခိုက်တယ်လို့ ပြောတယ်။ တကယ်တော့ သူတို့ကို မထိခိုက် ပါဘူးတဲ့” ဟု ဦးသုဝေက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် သုံးသပ် သွားကြရန် တိုက်တွန်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁ဝ မတ်လဆန်း က ထုတ်ပြခဲ့သော ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးရန်နှင့် ပြည်ပမှ မတရားအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါတီဝင်အဖြစ် လက်ခံပါက ပုဒ်မ ၆ အတိုင်း ပါတီ ဖျက်သိမ်းမည်ဟုလည်း ပြောဆိုခဲ့သည်ဟု လည်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ် တဦးလျှင် ၂ မိနစ်ဆီကြာဆွေးနွေး တင်ပြခွင့်ပေးခဲ့ရာရှမ်းတိုင်း ရင်းသား ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီက လက်ရှိ ဖြစ်ပွားနေသောလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသားပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင် ဆွေးနွေးစေလိုကြောင်း အဆိုပြုခဲ့သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ အခုလောလောဆယ် ရှမ်းပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်တဲ့ အခမ်းအနားမှာ ပါတီတွေကို သူက အကြံပြုတာပါ။ တိုင်းရင်းသားပါတီ ပေါင်းစုံထဲက ပုဂ္ဂိုလ်တွေပါတဲ့ဆွေးနွေးစေချင်တဲ့ အကြောင်းကို အဆိုပြုတာကို ဥက္ကဋ္ဌကြီးက ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်လို့ မရဘူး၊ လွတ်တော်မှာ တင်ပြကြပါဆိုပြီးတော့ အကြံပြုတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ယင်းအဆိုပြုချက်များကို ချင်း၊ အင်း၊ ဖလုံစဝေါ်၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများ ကလည်းထောက်ခံ ခဲ့သော်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လာမည့် ပြည်ထောင် စု လွတ်တော်သို့ တင်ပြရန် အကြံပြုခဲ့သည်ဟု သူက ဆက်ပြောသည်။

အလားတူ ကော်မရှင် ဥက္ကဋ္ဌက သူ၏ အသက် ၁၈ နှစ်အရွယ်မှစ၍ တပ်မတော်တွင် ဖြတ်သန်းခဲ့သည့် သူ့ကိုယ်ရေး ရာဇဝင် အကျဉ်းကို ပြောကြားလိုက်ပြီး တပ်မတော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်ဟူ၍ပြောဆိုခဲ့သည်ဟု ဦးတင်အေးက ပြောဆိုခဲ့သည်။

“ အခုထိ လက်နက်ကိုင် ပဋိက္ခကိစ္စတွေလည်း ဖွဲ့စည်းပုံအရ လုပ်တဲ့ သဘောလို့ အကြမ်းဖျင်းပြောတယ်ဗျ။ ဒါပေမဲ့ ငြိမ်းချမ်းစေချင်တယ်။ သူတို့မှာလည်း ဆန္ဒရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းရေး ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အရ တခုတည်းသော တပ်မတော် ဖြစ်ရမယ်ဆိုတာကို ပြန်ပြောတာပါ” ဟု ဒေါက်တာအေးမောင် က ပြောသည်။

နအဖ စစ်အစိုးရလက်ထက် စစ်တပ် ရန်ပုံငွေ အတွက်ရှာသော ဦးပိုင်ကုမ္ပဏီ အကြီးအကဲအပြင် အရေးပါ သော ရာထူးများ ယူခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးသည် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင်ဖြစ်ပြီး ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အဆို တင်သွင်းခဲ့ရာမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယနေ့ ဆွေးနွေးမှုတွင် နိုင်ငံရေး ပါတီများ အနေဖြင့် ၂ မိနစ်ခန့်သာ ပြောဆိုရသဖြင့် အချိန်နည်းပါးပြီး ယခုကဲ့သို့ ရှင်းပြမှုကို မကြာခဏ ခေါ်ယူ တွေ့ဆုံသင့်ကြောင်း ဒေါက်တာ အေးမောင်က အကြံပြုသည်။

သို့သော် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီမိတ်ဆွေများ ၁ဝ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု၊ NDF၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများက ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းတခုကို ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့သည်။

စာတမ်းက ရွေးကောက်ပွဲအတွင်း အစိုးရပါတီ ကြံ့ဖွံံဘက်လိုက်ကာ မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ထားခြင်းကို အဓိက မီးမောင်းထိုးပြထားသည်။

“သူကတိတော့ ပေးပါတယ်။ ကျနော်တို့ မဟာမိတ်ပါတီတွေ ညှိနှိုင်းတိုင်ပင်ပြီး ရေးတဲ့ စာတမ်းမှာ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာ နည်းဥပဒေအတိုင်း မကျင့်သုံးခဲ့တာတွေ ရှိတယ်။ အဲဒါကိုရှောင်ရန် ပြုပြင်သွားဖို့။ ကြိုတင်မဲ ယူတာတို့၊ မဲရေတွက်တဲ့ အချိန် အများပြည်သူရှေ့မှာ ရည်တွက်ဖို့ အဲဒါတွေကို တင်ပြတယ် အဲဒါဖတ်ပြီးပြီ။ သူက အဲဒီစာကို ပြုပြင်သင့်တာတွေ ပြုပြင်သွားမယ်လို့ ပြောတယ်”ဟုဒေါက်တာအေးမောင် ကပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပြည်တွင်းမှ သတင်းသမားတဦးမှ မလာရောက်သော်လည်း အစိုးရ၏မြန်မာသတင်း စဉ်၊MRTV စသည့် မီဒီယာများသာ တွေ့ရသည်သဖြင့် နောက်နောင်သတင်းမီဒီယာ သမားများ ကိုလည်း ခေါ်ယူသင့် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ယနေ့ ဆွေးနွေးပွဲတွင် နည်းဥပဒေ၊ ဥပဒေများကိုသာ တင်ပြဆွေးနွေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်နေ့တွင် ကျင်းပမည်၊ မဲဆန္ဒနယ် မည်မျှ ရှိသည် ဆိုသည့် အချက်များကိုမူ ပြောဆိုလာခြင်း မရှိသေးကြောင်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီ ၃၇ ပါတီမှ ၃၆ ပါတီမှ ကိုယ်စားလှယ်မျာ တက်ရောက်ခဲ့ပြီး ဦးသိန်းတင်အောင် ဦးဆောင်သောပြည်ထောင်စု ဒီမိုကရေစီ ပါတီက တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

Most read this week