နယူးဒေလီ (မဇ္စျိမ) ။ ။ လွှတ်တော်တွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမတ်မဟုတ်သည့် အင်အားစုက အရေအတွက် နည်းနေသည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရ ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ NDF က ပြောဆိုသည်။
ပြီးခဲ့သည့့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ် ၁၁၅၄ တွင် ၈၈၂ နေရာ အနိုင်ရရှိခဲ့ကာ အခြားပါတီများက ၂၇၂ နေရာသာ အနိုင်ရရှိခဲ့သည့် အရေအတွက်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
လွှတ်တော်အတွင်း ဒီမိုကရေစီအင်အားစု နည်းသောကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်၍ ထပ်မံအင်အားဖြည့်သည့် သဘောဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြော (ဓါတ်ပုံ မဇ္စျိမ)
“ဝင်ပြိုင်မယ့်သူကတော့ ရှိတဲ့နေရာလောက်ပဲ ဝင်ပြိုင်လို့ ရမှာပေါ့ဗျာ။ ကြားဖြတ် ရွေးကောက်ပွဲဆိုတာ ထုံးစံအတိုင်း လူနည်းနည်းပါးပါးပဲ ရှိတာပဲလေ။ ဟိုမှာက ရထားတာက ဒီမိုကရေစီအင်အားစုက တော်တော် နည်းနေတယ်ဗျ။ နည်းနေတော့ သူတို့အနေနဲ့ ထပ်ပြီးတော့ အားဖြည့်တဲ့ သဘောပေါ့နော်” ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္စျိမကို ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄ဝ ရှိသော်လည်း အရေအတွက် မည်မျှဝင်ပြိုင်မည်ကို NDF က မဆုံးဖြတ်ရသေးပေ။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ပါတီအနေဖြင့် နှစ်နေရာ ဝင်ပြိုင်ရန် ရည်ရွယ်ထားပြီး ဦးသုဝေနှင့် ဒေါ်နေရီဗဆွေတို့ ဖြစ်မည်ဟု ဆိုသည်။
အစိုးရအဖွဲ့ထဲ ရောက်သွား၍ လစ်လပ်သွားသည့် နေရာများအတွက် ရွေးချယ်သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အင်အားစုများ NDF ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်း သားပါတီ ၁ဝ ပါတီမှ မဲဆန္ဒနယ် ၄ဝ တွင် ဝင်ပြိုင်ရန် ဇူလိုင် ၁၈ ရက်တွင် စာရင်းသွင်းခဲ့ကြောင်း “ဒီမိုကရေစီ မိတ်ဆွေများ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကော်မတီ” ထံမှ သိရသည်။
ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကတော့ ၁၅ နေရာခန့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းနှင့် နေရာ မထပ်အောင် NDF နှင့် ညှိနှိုင်းသွားမည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည့်အတွက် ယခုအကြိမ်တွင် မိမိဝင်မပြိုင်သည့် ဒေသများတွင် လည်း အခြားပါတီများအတွက် မဲရုံ ကိုယ်စားလှယ်ထားခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်သွားမည်မိတ်ဆွေမ ျားပါတီအဖွဲ့က ဆိုသည်။
“ကိုယ့်အင်အားကော၊ သူ့အင်အားကော စုပေါင်းပြီးတော့ နီးလာတဲ့အခါ အသေးစိတ် တွက်ချက်ပြီးလုပ်ကြရ မှာပေါ့” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။
နေပြည်တော်တွင် ဇူလိုင်လ ၂၇ နေ့၌ ပြုလုပ်မည့် ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများဆွေးနွေးပွဲတွင် လည်း ယခုကိစ္စကို တင်ပြသွားရန် ရှိသည်။
၂ဝ၁ဝ ရွေးကောက်ပွဲများ၌ မဲခိုး မဲလိမ်မှုများ နေရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားသည့် အမှုပေါင်းမှာ ၃ဝ သာ ရှိခဲ့သည်။ ၎င်းတို့အနက် အာဏာရ ကြံ့ခိုင်ရေးပါတီက တိုင်ကြားခဲ့သည့် အမှုမှာ ၂၇ မှု ဖြစ်သည်။
“အန်တီကတော့ လုံးဝ မဝင်တော့ဘူး။ လုံးဝ အယုံအကြည် မရှိလို့။ လုံးဝ အယုံအကြည် မရှိဘူး။ ပြည်သူနဲ့ တိုင်းပြည် အတွက်ကို လူတွေထဲ ဝင်မှ လုပ်လို့ရမယ်ဆိုပြီးတော့ အန်တီက ဝင်တာ။ ပက်ပက်စက်စက် ခံလိုက်ရတယ်။ အဲဒါကြောင့် အယုံအကြည်မရှိဘူး။ မဝင်တော့ဘူး။” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။
သို့သော်လည်း ဒေါက်တာသန်းငြိမ်းကတော့ “၂ဝ၁ဝ ရွေးကောက်ပွဲတုန်းတို့က ကျနော်တို့ တော်တော့်ကို မဆီလျော်တာတွေ ကြံုရတယ်လေ။ ကျနော်တို့ ထဲမှာ မဖြစ်သင့်တာတွေ ဖြစ်ကြရတယ်။ ဆိုတာက မရှုံးသင့်ဘဲ ရှုံးနိမ့်တဲ့နေရာတွေ ရှိတယ်လို့တောင် ပြောလို့ရတဲ့ နေရာတွေ ရှိပါတယ်။ ဆိုတော့ ဒါတွေက ပြီးသွားပြီဆိုတော့ ထားပေါ့ဗျာ။ သို့သော်လည်းပဲ လာမယ့် ရွေးကောက်ပွဲဆိုရင်တော့ အခုက အစိုးရကလည်း အစိုးရသစ်ဗျာ” ဟု ပြောဆိုသည်။
ရှမ်းပါတီမှ စိုင်းအုန်းကျော်က “ကျနော်တို့ကတော့ သန့်သန့်ရှင်းရှင်းနဲ့ အားလုံး လက်ခံတဲ့ ရွေးကောက်ပွဲ ပုံစံမျိုး ဖြစ်ရင်တော့ အားလုံးအတွက်လည်း ကောင်းတာပေါ့ဗျာ။ ပြောစရာ၊ ဆိုစရာလည်း မရှိဘူးဆိုတော့ ပိုပြီးတော့မှ အဆင်ပြေတာပေါ့။ ကျနော် အဲဒီလိုပဲ လိုလားပါတယ်” ဟု ပြောသည်။