ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနှင့် ထိုင်းနှစ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မဲဆောက်-မြဝတီ မြို့ များကိုကူးလူးဆက်သွယ်ပေး မည့် ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတပ် ခရိုင်အာဏာပိုင်သတင်းရပ်ကွက်ကပြောသည်။
လောလောဆယ် မဲဆောက်-မြဝတီကို ပိုင်းခြားထားသည့် သောင်းရင်းမြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထား သော ချစ်ကြည်ရေးတံတား အမှတ် (၁) ရှိသော်လည်း ယခုထပ်ဆောက်မည့် တံတားကို ကုန်စည် သယ်ပို့ရန် အသုံးပြု သွားမည် ဖြစ်သည်။
သြဂုတ်လတွင် စတင်မည့် တံတား တည်ဆောက်ရေး အတွက် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံက ကျခံမည် ဖြစ်ကြောင်း နှင့် မဲဆောက်မြို့နယ် ဝမ်းစခီးယန်းကျေးရွာမှ တဆင့် မြဝတီမြို့နယ် ရေပူရွာအထိ ဖြတ်သန်း ဆက်သွယ်မည်ဟု သိရသည်။ ယင်းမှတဆင့် မြဝတီ ကုန်သွယ်ရေးဇုန်သို့ ပို့ဆောင်မည် ဖြစ်သည်။
“ဒီတံတားက ကုန်ကားသွားဖို့ပေါ့။ မြဝတီမြို့ မဝင်တော့ဘူးလေ။ ဒီကနေ တိုက်ရိုက် ကုန်သွယ်ရေးဇုန် အပေါက်ပေါ့” ဟု ထိုင်းအရာရှိက မဇ္စျိမကို ပြောသည်။
ချစ်ကြည့်ရေးတံတား (၁) မှာ ကြံ့ခိုင်မှု အားနည်း သဖြင့် ယင်းတံတားကို လူများကူးသန်း သွားလာရန် သီးသန့် ထားရှိမည် ဟုလည် ၎င်းက ပြောသည်။
အမှတ် ၂ ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ရန်အတွက် ဇွန်လ ၂၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်
မဲဆောက် မြို့တွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့့် ထိုင်းနိုင်ငံ လမ်းတံတားနှင့်နည်း ပညာဌာန တို့မှ ၂ ဘက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ ကုန်စည် သယ်ဆောင်မည့် တံတားသစ် တည်ဆောက်ခြင်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော် အပါအဝင် အခြားမြို့များမှလာသော ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ ယခင်ထက် ပိုမိုလွယ်ကူစွာ တင်သွင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။
ယခုလက်ရှိ အသုံးပြုနေသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင် ရေတိုက်စားမှုကြောင့် တံတားကြံ့ခိုင်မှု အားနည်းလာပြီး ကုန်စည်များကို မြစ်ကြောင်း တလျှောက်ရှိ ကူးတို့ ဂိတ်ငယ်များမှ တဆင့် စက်လှေများဖြင့် သယ်ဆောင် ခဲ့ကြရသည်။
ယင်းချစ်ကြည်ရေးတံတား အပါအဝင် ကူးတို့ဆိပ်များကို ၂ဝ၁ဝ ခုနှစ် ဇူလိုင်လပိုင်းတွင် မြန်မာအစိုးရဘက် က ပိတ်ပစ်ခဲ့သည်။ ယင်းကဲ့သို့ ပိတ်ပင်မှုကြောင့် ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အဝတ် အထည်၊ စက်ပစ္စည်း၊ အချိုမှုန့်နှင့် စားသောက်ကုန် မျိုးစုံ တင်သွင်းနေသည့် ကုန်သည်များ ထိခိုက်နစ်နာခဲ့ကြသည်။
ချစ်ကြည်ရေးတံတား မပိတ်မီက မြဝတီလမ်းကြောင်းမှ မြန်မာနိုင်ငံဘက် ပို့နေသည့် ပို့ကုန် တန်ဖိုး တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,ဝဝဝ ရှိနေရာမှ တံတားပိတ်ပြီး နောက်ပိုင်း တလ ဘတ်သန်း ၁,၂ဝဝ ခန့်သာ ရှိတော့ကြောင်း မဲဆောက်အခြေစိုက် အကောက်ခွန်ဇုန်ရုံး ဦးစီးမှူးပြောကြား ချက်များအရသိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီမြို့ပေါ်ရှိ စျေးဆိုင်များ၊ တည်းခိုခန်းများ အပါအဝင် လုပ်ငန်းအများအပြား လည်ပတ်မှု ကျဆင်းသွားသည်။
ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် မဲဆောက်-မြတီလမ်းကြောင်းအပြင် မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းနှင့် ရနောင်း-ကော့သောင်း လမ်းကြောင်းများလည်း ရှိသည်။ မဲဆောက်-မြဝတီ လမ်းကြောင်းမှာ အကြီးဆုံးဟု ဆိုနိုင်သည်။