အချိန်စောပြီး အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးကြောင့် ကရင်နီပြည် ရှားတောမြို့နယ်အတွင်း တောင်ကြိုတောင်ကြား၊ တောင်စောင်းတွေမှာ လှေကားထစ်သဖွယ် စိုက်ပျိုးလေ့ရှိကြတဲ့
အချိန်စောပြီး အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးကြောင့် ကရင်နီပြည် ရှားတောမြို့နယ်အတွင်း တောင်ကြို တောင်ကြား၊ တောင်စောင်းတွေမှာ လှေကားထစ်သဖွယ် စိုက်ပျိုးလေ့ရှိကြတဲ့ တောင်ယာခင်းတွေကို မီးမရှို့နိုင်တဲ့အတွက် ဒေသခံတောင်သူတွေရဲ့ စားဝတ်နေရေးကို ပိုမိုကျပ်တည်းစေတယ်လို့ လူထုကြားမှာ ကွင်းဆင်းလှုပ်ရှားနေတဲ့ လူမှုဝန်ထမ်း ခူးဘူးရယ်က ပြောပါတယ်။
“စားနိုင်သောက်နိုင်တဲ့ လူတွေဆီမှာ သွားချေး စားကြတယ်။ တချို့က ခံသားသေးတဲ့ သူတို့ ဆွေးမျိုးတွေဆီမှာ ချေးစားတာ ရှိတယ်။ တချို့က စုထားနိုင်တဲ့ အရင်တုန်းက ပိုက်ဆံ နည်းနည်းပါးပါးတွေဆိုလို့ရှိရင် သူတို့ တခြားနေရာမှာ သွားဝယ်လာကြတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့်လည်း ဆန်စျေးတွေက မြို့ထဲမှာ ဆန်တပုံး (၈ ပြည်) ကို ၆ ထောင်လောက်ဆိုရင် တောင်ပေါ်ဒေသ ရောက်တော့ ၉ ထောင်လောက် ရှိတာပါ။
ရှားတောမြို့နယ်အတွင်းမှာဆိုရင် အဓိက တောင်ယာစပါးနဲ့ နှမ်းကိုသာ ၀မ်းစာရေးအတွက်စိုက်ပျိုးနေကြရ ပါတယ်။
“သူတို့ စီးပွားရေး ၀င်ငွေ ရရှိဖို့ မိသားစု ဖူလုံဖို့အတွက်လည်း သူတို့မှာ ငွေရှာဖို့ အခက်အခဲ တအားဖြစ်တယ်။ သူတို့ အားကိုးနေရတယ်ဆိုလို့ စပါးပဲ ရှိတဲ့အခါကြတော့ သူတို့ အခက်အခဲ တွေ့ရတာပေါ့” လို့ ခူးဘူးရယ်က ပြောတယ်။
အရင်နှစ်က မအောင်မြင်ခဲ့တဲ့အထဲ ဒီနှစ်မှာ မတ်လကတည်းက မိုးဆက်တိုက်ဆိုသလို ရွာတဲ့အတွက် စပါးနဲ့ နှမ်းတွေကို စိုက်ပျိုးဖို့ အခက်အခဲ ဖြစ်နေတာလို့ ခူးဘူးရယ်က ဆက်လက်ပြောပါတယ်။
“တော်တော်ဆိုးတယ်လို့ ပြောရမှာပေါ့။ အရင်နှစ်က အဲနေရာမှာ ကြွက်ကျတယ်။ ပြီးတော့ ပိုးဖျက်တယ်။ ဒီနှစ်က မိုးပုံမှန်ထပ်ရွာခါကြတော့ သူတို့ ခုတ်ထားတဲ့ တောင်ယာက တချို့ဆို လုံးဝလုံးဝ မီးမလောင်ဘူး။ သူတို့ တောင်ယာဟောင်း ပြန်ရှင်းမယ်ဆိုလည်း အချိန်က နောက်ကျသွားပြီ ဖြစ်နေတယ်။ လယ်ရှိတဲ့ သူကလည်း သူတို့ ဆွေမျိုးတွေထဲကပဲ တယောက်တကွက်၊ ၂ ကွက်ဆီ အဲမျိုးပဲ လုပ်နေရတယ်။”
ပုံမှန်ဆိုရင် တောင်ယာ စိုက်ပျိုးမယ့် နေရာမှာ ခုတ်ထားတဲ့ သစ်ပင်တွေ၊ သစ်တောတွေကို ဧပြီလမှာမီးစတင် ရှို့ကြပါတယ်။
ရှားတောမြို့နယ်အတွင်းရှိ ဒေါ၀ယ်ရောကျေးရွာက အိမ်ထောင်စု တချို့၊ ကျူးလဲကျေးရွာ၊ ဒေါနော်ကလူး စတဲ့ ကျေးရွာတွေကတော့ တောင်ယာတွေကို လုံးဝမရှင်းလင်းနိုင်ကြပါဘူး။
ရှားတောမြို့နယ်အတွင်းသာမက ဖာဆောင်းမြို့နယ်နဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွေမှာလည်းအရင် နှစ်တွေတုန်းကလို တောင်ယာစပါးတွေကို မစိုက်ပျိုးနိုင်ကြတော့ဘူးလို့ ကရင်နီ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ခူးဒယ်နီယာက ပြောပါတယ်။
“အရင်တုန်းကဆိုရင် မိသားစုတစုဆိုရင် စပါးမျိုး ၃ ပုံးအထက် ၄၊ ၅၊ ၁၀ ပုံးလောက်ထိ သူများ လုပ်တယ်။ အခုတော့ တပုံး၊ ၂ ပုံး အဲလိုပဲ လုပ်နိုင်တော့တယ်။ မီးလောင်တဲ့ နေရာလောက်ပဲ သူတို့ စိုက်တာပေါ့။”
ဆက်လက်ပြီး သူက “သူ့ဟာက ချေးစားတာ ရှိတယ်။ ဆိုတော့ သူတို့ ပြီးခဲ့တဲ့ နှစ်ဟာက နောက်တလ၊ နှစ်လဆို ကုန်ပြီလေ။ လာမယ့် နှစ်ထွက်မယ့် စပါးအမှီ အဲလိုမျိုး မဖြစ်နိုင်တော့ဘူးပေါ့” လို့လည်းပြောသွား ပါတယ်။
တနှစ်စာအတွက်ပဲ ဖူလုံလေ့ရှိတဲ့ တောင်ယာ၊ ဆန်စပါးတွေက အခုအချိန်မှာတော့ တနှစ်စာတောင် ဖူလုံမှု မရှိတော့လို့ ဒေသခံတွေက ငစိန်ဆန်တွေကို လိုက်လံဝယ်ယူ စုဆောင်းနေကြတယ်လို့လည်း ခူးဒယ်နီယာက ပြောပါတယ်။
အခုလို ၂ နှစ်ဆက်တိုက် စားဝတ်နေရေး အခက်အခဲကို ရင်ဆိုင်နေရတော့ နောက်နှစ်တွေမှာလည်း ဘယ်လို ဆိုးကျိုးတွေ ဆက်ပြီးတော့မှ ဖြစ်ပေါ်လာမလဲဆိုတာ မမျှော်ရဲတော့ဘူးလို့ တချို့ရွာသားတွေကပြောကြပါ တယ်။