ရခိုင် ရေကြီးမူကြောင့် ဧကထောင်သောင်း ချီသော စပါးစိုက်ခင်းများ ပျက်စီး

ရခိုင် ရေကြီးမူကြောင့် ဧကထောင်သောင်း ချီသော စပါးစိုက်ခင်းများ ပျက်စီး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်တွင် မိုးများ အဆက်မပြတ်ရွာသွန်း မှုကြောင့် ဒေသ အတော်များများတွင် ရေကြီးခဲ့ရာ စပါးစိုက် လယ်မြေ ဧက ထောင်သောင်းချီပျက်စီး ဆုံးရှံုးသွားခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် သရီချောင်းဒေသရှိ ကျနင်းကန် ကျေးရွာမှ လယ်သမား တစ်ဦးက သူတို့ လယ်များ ပျက်စီးသွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ရေက သုံးရက်ဆက်တိုက် နစ်မြုပ်နေခဲ့တော့ စိုက်ပျိုးထားတဲ့ စပါးခင်းတွေ အကုန်လုံး ပျက်စီး ကုန်ပါတယ်။ ရွံ့နွံတွေ ဖုံးလွှမ်းသွားတဲ့ အတွက် ရေပြန်ကျသွားတဲ့ အချိန်မှာ စပါးပင်တွေကိုတောင် မမြင်ရတော့ပါဘူး။ အကုန်လုံး ရွံ့နွံတွေ ဖုံးပြီး စပါးပင်တွေ သေကုန်တယ်။ အခု ဘယ်လို လုပ်ရမယ်ဆိုတာတောင် မသိတော့ ပါဘူး” ဟု သူက ပြောသည်။
flooding-water-Arakan-22-Jul-2011-pic-8
ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင်မိုးအဆက် မ ပြတ်ရွာသွန်းခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့က စပြီး မြို့ပေါ် ရပ်ကွက်များ အပါအဝင် စိုက်ပျိုးမြေဧကပေါင်း များစွာကို ရေဖုံးလွမ်းသွားခဲ့သည်။

“ စပါးပင်တွေက စိုက်ပျိုးထားစဆိုတော့ အခုလို မိုးရွာတော့ အကုန်လုံး သေကုန်ပါတယ်။ ရေက ဇူလိုင်လ ၂၂ ရက်နေ့ကမှ ပြန်ကျသွားတယ်။ ပြန်စိုက်ပျိုးဖို့ ဆိုရင်လည်း မျိုးစပါးက အခက်အခဲ ဖြစ်နေတယ်။ ဒါ့ပြင် မိုးကလည်း ရွာဖို့ လိုုတယ်။ မိုးမရွာရင် ဘာမှ စိုက်ပျိုးလို့ ရမှာ မဟုတ်ပါဘူး။ လယ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြပါတယ်” ဟု သူက ပြောသည်။

မင်းပြားမြို့နယ်တွင်လည်း လယ်ဧက မြောက်များစွာ ပျက်စီးသွားကြောင်းကို မောင်နီကျွန်းကျေးရွာမှ ရွာသား တစ်ဦးက ပြောသည်။

“ ရေက လေးမြို့မြစ်က ထွက်လာတဲ့ တောင်ကျ ရေတွေဆိုတော့ အေးစက်နေပီး စပါးတွေ အကုန်လုံးသေကုန် ပါတယ်။ လယ်ဧက ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာတော့ အခုအချိန်မှာ မပြောနိုင်သေးဘူး။ကျွန်တော် တို့ ဒေသက ရွာတွေ အကုန်လုံးမှာ ပျက်စီးသွားပါတယ်။ ဧကနဲ့ ပြောရမယ်ဆိုရင် ထောင်ချီပြီးတော့ ပျက်စီးသွားပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ရေကြီးပြီ လယ်မြေများ ပျက်စီးသွားခဲ့သော်လည်း ယခုအချိန်ထိ အစိုးရ အာဏာပိုင်များမှတစ်စုံ တရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

မြောက်ဦးမြို့နယ် မောင်ညိုကျွန်း ကျေးရွာမှ အမျိုးသမီး တစ်ဦးကလည်း သူတို့တရွာလုံး ရေနစ်ခဲ့ပြီး ဒုက္ခရောက်ခဲ့ကြရပုံကို ယခုကဲ့သို့ ပြောသည်။

“ ရေက တဖြည်းဖြည်းနဲ့ တက်လာတာ အိမ်မိုးမောင်းကာစထိ ရောက်ခဲ့ပါတယ်။ ကျွန်မတို့မှာ ထမင်းချက်ဖို့ မရနဲ့ ဒုက္ခတော်တော် ဖြစ်ခဲ့ပါတယ်။ မြေနိမ့်ပိုင်း အိမ်တွေက မိသားစုတွေကို ဆိုရင် ဘုန်းတော်ကြီးကျောင်း တို့လို ဘေးလွှတ်တဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ကျွန်မတို့ ဒေသက ရွာတွေအားလုံး ရေမြုပ်ခဲ့ပါတယ်။ လယ်တွေမှာ ရေမြုပ်ပြီး စပါးပင်တွေ သေသွားပါတယ်။ အစိုးရက ဘာမှ ကူညီရတာ မရှိပါဘူး” ဟု ပြောသည်။

ရခိုင်တောင်သူ လယ်သမားများ အနေဖြင့် ပျက်စီးသွားသော လယ်များကို ပြန်လည် ထွန်ယက် စိုက်ပျိုးရမည် ဖြစ်သော်လည်း မျိုးစပါး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သရက် တပင်ကျေးရွာက လယ်သမားကြီး တစ်ဦးကလည်း ပြောသည်။

“ အခု အခက်အခဲက မျိုးစပါး အခက်အခဲ ဖြစ်ပါတယ်။ မျိုးစပါးဆိုတာက စပါးစိုက်ပျိုးဖို့ အတွက် သီးသန့် ရွှေးချယ်ပြီး လှောင်ထားရတဲ့ မျိုးစပါး ဖြစ်ပါတယ်။ မျိုးစပါးတွေ အကုန်လုံးကို ပျိုးထောင်ပြီး စိုက်ပျိုးထားတဲ့ အတွက် အခု ပြန်စပါး စိုက်ပျိုးဖို့ မျိုးစပါး မရှိ ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရက ဆီက မျိုးစပါး အကူ အညီတွေ ကျွန်တော်တို့ အပူတပြင်း လိုအပ်နေပါတယ်။ ထွန်ယက် စိုက်ပျိုးမူ အပိုင်းမှာလည်း အစိုးရဆီက အကူအညီတွေ လိုနေပါတယ်။ ခုလို အကူအညီ မရဘူးဆိုရင် လယ်သမားတွေ တော်တော့ကို အခက်အခဲ ကြံုနိုင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ရေကြီး၍ ပျက်စီးသွားသော လယ်များကို အချိန်မှီ ပြန်လည် မစိုက်ပျိုးနိုင်ပါက ယခုနှစ် စပါးရာသီတွင် စပါး အထွက်နုန်း ရခိုင်ပြည်နယ်တွင် များစွာ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

Most read this week