ဆွေးနွေးပွဲ အကြောင်း ပြည်သူများကို ဒေါ်စု ရှင်းပြသင့်

ဆွေးနွေးပွဲ အကြောင်း ပြည်သူများကို ဒေါ်စု ရှင်းပြသင့်
by -
ရိုင်မရော့

ရိုင်မရော့ - မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် အလုပ် သမားဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှုအသေး စိတ်ကို ပြည်သူများထံ အသိပေး ဆွေးနွေးမှု မရှိပါက အကျိုးရလာဒ်ကောင်းများ ထွက်ပေါ် နိုင်မည် မဟုတ်ကြောင်းမွန်နိုင်ငံရေးခေါင်းဆောင် များက ပြောသည်။

Aung_San_Suu_Kyi-300x180မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက က “ပြည်သူတွေရဲ့ဆန္ဒ လိုအပ်ချက်တွေကို ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးရင် ပြည်သူတရပ်လုံး သိအောင် ရှင်းပြ၊ အဲဒါမှ အကျိုးရှိနိုင်မှာ။ပြည်သူ တွေသိအောင် ဘာမှမရှင်းပြ ဒီအတိုင်း တိတ်ဆိတ်သွားရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ တွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးသည့် အကြောင်းအရာသေးစိတ်ကိုမှု မသိရှိရပေ။

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ယခု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်က သတင်းထောက်များသို့ ဖတ်ပြခဲ့သည်။

ယင်းထုတ်ပြန်ချက်၌ တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးနှင့် အများပြည်သူ အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း၊ သင့်လျော်သော ရက်တွင် ထပ်မံဆွေးနွေးရန် သဘောတူညီမှုလည်း ပါရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ၂ ဘက်စလုံးက အပြုသဘောရှုမြင်၍ ကျေနပ်အားရမှုရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

“ရလဒ် မထွက်ဘူးလို့ ပြောလို့မရပါဘူး။ယခင် ၉ကြိမ် ကျနော်တို့ တွေ့ဆုံခဲ့ပြီးကြပါပြီ။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များဖြင့် ပိုမိုကောင်းမွန်တဲ့ရလဒ် ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်ကြည်ကသတင်း ထောက်များအမေးကို ပြန်လည်ဖြေကြား ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောပြသည်။

မွန်ပြည်နယ်အတွင်းရှိ မွန် နိုင်ငံရေးသမားဟောင်း တစ်ဦးက “အရင်က တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဒေါ်စုဘက် ကရော အစိုးဘက်ကရော ဘာမှထုတ် ဖော် ပြောဆိုတာမရှိဘူး၊ ပြည်သူကို ဘာမှအသိပေး တာမျိုးမရှိဘူး၊ အဲဒါ ဘာအကျိုးရှိမှာလဲ၊ အခုလည်း အဲဒီလိုပဲလာမှာပါ”ဟု ပြော သည်။

ယခု တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာ ဖိအားပေးမှုများ လျော့သွားစေရန် ဟန်ပြ တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ယခုတွေ့ဆုံမှုမှ နိုင်ငံရေး ပြောင်းလဲမှုတချို့ရှိနိုင်သည်ဟုလက်နက် ကိုင် တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီက ပြောသည်။

“ပြောင်းလဲမှုတချို့တော့ ရှိလာမယ်လို့ မျှော်လင့်တယ်၊ ဒါပေမယ့် သိပ်ပြီး ထူးခြားလိမ့်မယ်လို့ မထင်ဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၉ ကြိမ်တွေ့ဆုံခဲ့ပြီး အစိုးရသစ် တက်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ယခု တွေ့ဆုံခြင်းဖြစ်သည်။

ဦးအောင်ကြည်သည် ယခင် စစ်အစိုးရလက်ထက်က ဆက်ဆံရေး ၀န်ကြီး အနေဖြင့်ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ယခု တွေ့ဆုံရာတွင်မည်သည့် တာဝန် အဆင့်ဖြင့် တွေ့ဆုံသည်ကို ရှင်းလင်းစွာမသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူ ကောင်းကျိုးဖြစ်စေမည်ဆိုလျှင် မည်သူနှင့်မဆို ဆွေးနွေးရန်အသင့်ရှိ ကြောင်း ပြောဆို သည်ဟု သိရသည်။