တိုးချဲ့မြို့နယ်ခွဲသစ်ကင်းစခန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့ပစ်ခတ် ပုလိပ်တဦးသေ

တိုးချဲ့မြို့နယ်ခွဲသစ်ကင်းစခန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့ပစ်ခတ် ပုလိပ်တဦးသေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲ မြို့တွင်း ဈေး အနီး ယနေ့မနက်ပိုင်း၌ ပစ်ခတ်မှုတခု ဖြစ်ပွားရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲသားတဦးသေဆုံး သွားကြောင်း သိရပါသည်။

“ဈေးအနားမှာဘဲ ဒီမနက်လာပစ်တာ၊ ပုလိပ်တယောက်သေသွားတယ်။ ဒေသခံမဟုတ်ဘူး။ ရဲကင်းကိုဘဲ လာချောင်းပစ်ပြီး ပြန်ထွက်သွားတယ်။ ဘယ်နှစ်ယောက်လာလဲ ဘယ်တပ်ဖွဲ့လဲဆိုတာမသိဘူး။ ရဲ အသိုင်း အဝိုင်းကတော့ ယွက်စစ်အဖွဲ့လို့ဘဲပြောတာ” - ကာလိဈေး အနီးနေထိုင်သူ လူလတ်ပိုင်းအမျိုးသမီးတဦးက ပြောပါသည်။

ဂျူလိုင် ၂၂ ရက် ယနေ့မနက် ၀၆:၀၀ နာရီက အမည်မသိလက်နက်ကိုင် အဖွဲ့တဖွဲ့ ကာလိမြို့နယ်ခွဲဈေးကြီး အနီး ရဲကင်းအား ဝင်ရောက်ပစ်ခတ်ရာ ရဲသား တဦးသေဆုံး ကြောင်း ကာလိဒေသခံများက ပြောပါသည်။

“ကျနော်တို့ ကာလိက အရင်ကလို နေလို့မကောင်းတော့ဘူးဗျာ့၊ မြို့နယ်ခွဲအဆင့် တိုးချဲ့ပြီး ဆောက်လုပ်ရေး စီမံကိန်းနဲ့တကွ အစိုးရဌာနတချို့ လာရောက်ရုံးစိုက်တဲ့နောက်ပိုင်း မှောင်ရိပ်ခိုမှုတွေ သူခိုး ဓါးပြတွေ အရမ်း ပေါ လာတယ်။ လုံခြုံမှု လုံးဝ မရှိဘူး” - ဟု ရပ်မိရပ်ဖ တဦးက ပြောပါသည်။

၂၀၁၀ နှစ်နှောင်းပိုင်းမှ ယနေ့ထိ ကာလိမြို့နယ်ခွဲတွင် သူခိုးများ၊ ဖေါက်ထွင်းရေးသမားများ အထူးပေါ များ သောကြောင့် ရပ်ကွက်၊ ကျေးရွာ ဆိုင်ရာများပင် အခြားလုံခြုံရေးတပ်ဖွဲ့များ ညအိပ်ဧည့်စာရင်းစစ်ရန်ပြော လာပါက မည်သူမျှ လက်ခံပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း၊ မိမိအိမ်ဝန်း လုံခြုံရေးအတွက် စိုးရိမ်ရ သည်သာမကသူခိုးဓါးပြနှင့်ပတ်သက်ဆက်နွယ်သူဟု အထင်မခံနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါသည်။

ကာလိကျေးရွာအုပ်စုသည် သျှမ်းပြည်တပ်မတော်(ယခင်မြောက်ပိုင်းအပစ်ရပ်)တပ်မဟာ ရ မှ ခေါင်းဆောင် စဝ်ကိုင်ဖနှင့်အတူ ပြည်သူ့စစ်အသွင်ပြောင်းပြီး လပိုင်းအကြာတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ် ယာယီ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်ထွန်းဦးက ကာလိကျေးရွာအုပ်စုအား၂၀၁၀ နှစ်နှောင်းပိုင်းက မြို့နယ်ခွဲ အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည့်နောက်ပိုင်း ယခုကဲ့သို့ မှောင်ရိပ်ခိုမှုများတနေ့တခြား ပိုမိုများလာခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကလည်း ကာလိမြို့နယ်ခွဲ ခလရ ၁၅၁ (တိုးချဲ့တပ်ရင်း ) တပ်ရင်းမှူး ဗိုလ်မှူးလှဝင်း လက် အောက် တပ်ခွဲမှူး သက်နိုင်လင်းက သျှမ်းရိုးရာရှင်ပြုပွဲ ပွဲခင်းအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူ ၅ ဦးထက်မနည်းသေဆုံးခဲ့၏။ ကိုရင်တပါးလည်း ဒဏ်ရာအပြင်းအထန်ရကာ လွယ်လင်ဆေးရုံသို့ ပို့ ဆောင် ကုသရသည်ဟု ဒေသခံများက ပြောကြား၏။ သို့သော် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာကမူ သျှမ်းပြည် တပ်မတော် ယွက်စစ်တပ်ဖွဲ့၏ လက်ချက်ဟု ရေးသားထုတ်ဝေခဲ့သည်။

Most read this week