ဒေဝူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမဝါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်

ဒေဝူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမဝါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်
by -
နိရဥ္စရာ သတင်းဌာန

ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲ နွမ်းပါးမူ လျှော့ကျရေး အတွက် လယ်ယာ ကုန်ထုတ် သမဝါယမ အသင်းများဖွဲ့စည်းနေရာ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာသားများက ယခင် တိုင်းမှူးဟောင်း ဦးမောင်ဦးမှ ဇနီးနာမည် ဖေါက်ကာ ဒေဝူးကုမ္ပဏီသို့ ရောင်းစားထားသော သူတို့ ရွာသားများ ပိုင်ဆိုင်သော သမဝါယ မြေကွက်အား ပြန်လည်ရယူရန်အရေးဆိုသွား မည် ဟု သိရသည်။

bill-board-Arakan
" တိုင်းမှူး မောင်ဦးက အဲဒီမြေကွက်ကို သူလိုချင်တယ်ဆိုပြီး သူတိုင်းမှူး တာဝန်ကျစဉ်မှာ ရယကတွေကို ကျပ် ၂၅ သိန်းပေးပြီး ကျေးရွာသားတွေ သဘောမတူဘဲ အတင်းယူသွားပါတယ်။ အဲဒီမြေကွက်ကို သူဇနီး ဒေါ်ညွန့်ညွန့်ဦး နာမည် ဖေါက်ပြီး မနှစ်က သိန်း ၄၅၀ နဲ့ ဒေဝူး ကုမ္ပဏီကို ရောင်းစားပါတယ်။ အခုကျွန်တော် တို့ရွာမှာ သမဝါယမ ကုန်ထုတ် အသင်းဖွဲ့မယ်ဆိုတော့ ဒီမြေကို ကျွန်တော်တို့ရွာကပြန်လိုချင် ပါတယ်" ဟု အမည် မဖေါ်လိုသူ ရွာလူကြီး တစ်ဦးက ပြောသည်။

အဆိုပါ ရခိုင် တိုင်းမှူးဟောင်းလည်းဖြစ် ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သော မောင်ဦးမှ ဇနီးအမည်နှင့် နာမည် ဖေါက်ကာ ဒေဝူးအား ရောင်းလိုက်သော မြေမှာ ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန်ကျေးရွာမှ ကျေးရွာ သမဝါယမ အသင်းပိုင် အုန်းခင်း တစ်ခု ဖြစ်သည်။

ကျောက်ဖြူ မြို့ပေါ်မှ ဒေသခံ တစ်ဦးကလည်း အဆိုပါ ငွေကို ယမန်နှစ်က ဒေဝူးမှ လျော်ကြေး အဖြစ်ပေးအပ် ခဲ့ကြောင်း ပြောဆိုသည်။

" မနှစ်က တိုင်းမှူးဟောင်း မောင်ဦးနဲ့ ဇနီး ဒေါ်ညွန့်ညွှန့်ဦး တို့ ကျောက််ဖြူကို ကား ရှစ်စီး လာလည် ပါတယ်။ ကျောက်ဖြူ ရဲရိပ်သာမှာ တည်းခိုသွားခဲ့ပါတယ်။ အဲဒီ လာလည်တဲ့ အချိန်မှာ ဒေဝူးက အဲဒီ ငွေ သိန်း ၄၅၀ ကို ဦးမောင်ဦး ဇနီးကို ပေးလိုက်ပါတယ်။ ဒီကိစ္စကို ကျောက်ဖြူမှာ တော်တော်များများ သိကြပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းမှူးဟောင်း မောင်ဦးမှ ကျေးရွာ သမဝါယမပိုင် မြေကွက်ကို အပိုင်သိမ်းပြီး မိမိကိုယ်ကျိုး အတွက် ရောင်းစားခြင်းကို ဒေသခံအများစုက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

" အခု ဒီမြေကို သိမ်းပြီး ရောင်းစားတာကို အရေးဆိုဖို့ ကျွန်တော်တို့ တိုင်ပင်နေပါတယ်။ အခုကတော့ သက်ဆိုင် ရာ ရှေ့နေတွေ၊ နိုင်ငံရေး ပါတီက လူကြီးတွေ၊ တခြား တက်ကြွတဲ့ ပညာတတ်လူငယ်တွေနဲ့ ညှိနိုင်းတိုင်ပင်နေပါတယ်" ဟု ပြောသည်။

တိုင်းမှူးဟောင်း မောင်ဦးသည် အလားတူ ကျောက်ဖြူမြို့နယ် မင်းပြင် ကျေးရွာတွင်လည်း ပြည်သူများ ပိုင်ဆိုင်သော လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို သိမ်းယူပြီး ဇနီးနာမည်ဖြင့် မြေစာရင်း ဦးစီးဌာနတွင် အမည်ဖေါက်ထားကြောင်း သိရသည်။

မင်းပြင်ကျေးရွာတွင် ပြည်သူများပိုင်ဆိုင်သော လယ်မြေများကို ဇနီးအမည်များဖြင့် နာမည် ဖေါက်ကာသိမ်းယူ ထားရာတွင် တိုင်းမှူးဟောင်း မောင်ဦး သာမက ယခင်တိုင်းမှူးဟောင်း ၀င်းမြင့်၊ ဒုတိုင်းမှူးဟောင်း သီဟသူရ မောင်နီလည်း ပါ၀င်သည်ဟု ကျေးရွာသားများက ပြောသည်။

သူတို့ သိမ်းယူထားသော မြေကွက်များကို ကျောက်ဖြူ အခြေစိုက် ခရလ ၃၄ မှ နှစ်စဉ် ခြံထိုးပြီးစောင့်ရှောက် ထားကြောင်း သိရသည်။

Most read this week